ရခိုင်ပြည်နယ်တွင်အခြေစိုက်ထားသည့် စစ်ကောင်စီတပ်များက လက်နက်ကြီး၊ လက်နက်ငယ်များစပ်သပ်ပစ် နေမှုများကြောင့် ၁၀၂၇ စစ်ဆင်ရေးဂယက်သည် ရခိုင်ပြည်နယ်အတွင်းသို့ပါကူးစက်လာမည့်အခြေအနေရှိ ကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က နိုဝင်ဘာ ၈ ရက်နေ့တွင်ပြောဆိုခဲ့သည်။
ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တွင် စစ်ကောင်စီအခြေစိုက်တပ်စခန်းများက လက်နက်စမ်းသပ်ခြင်းနှင့် ခြောက်လှန့်ပစ်ခတ်မှုများကို လစဉ်နီးပါးဆက်တိုက်လုပ်ဆောင်လာနေခြင်းသည် ရခိုင်ပြည်နယ်အတွင်း စစ်မီး ပြန်လည်တောက်လောင်လာစေရန် တွန်းအားပေးသကဲ့သို့ဖြစ်နေကြောင်း နိုင်ငံရေး၊ စစ်ရေးလေ့လာသုံးသပ် သူများက ဆိုသည်။
“စစ်ကောင်စီရဲ့ ခြေလျင်တပ်ဖွဲ့တွေက ULA/AAရဲ့ တပ်စခန်းတွေကို မတိုက်တာတော့ တော်တော်ကြာပါပြီ။ ကြည်းကြောင်းတိုက်ပွဲတွေလိုမျိုး ထိပ်တိုက်တွေ့မယ့် တိုက်ပွဲတွေက မဖြစ်တော့ဘူး။ ဒီလိုထိပ်တိုက်တွေ့တာမျိုး တွေ မရှိပေမယ့်၊ လက်နက်ကြီးသုံးပြီးတော့ ရမ်းသမ်းပစ်ခတ်တာမျိုးတွေရှိလို့ AA က အလွတ်သဘောနဲ့ အပစ်အခတ်ရပ်စဲခဲ့တာ။ ဒါကို စစ်ကောင်စီက အညှာကိုင်ထားတဲ့သဘောပေါ့” ဟု ရခိုင့်နိုင်ငံရေး လေ့လာသုံး သပ်သူ ဦးဖေသန်းက MPA သို့ ပြောသည်။
ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှုပြုလုပ်နေခြင်း၊ မီဒီယာသမားများအား ဖမ်းဆီးခြင်း၊ အရပ်ဖက်အဖွဲ့အစည်းများအား စစ်ဆေးမှုတင်းကြပ်ခြင်းများပြုလုပ်နေသည့်အပြင် စစ်ကောင်စီ၏ အထိုင်တပ် စခန်းများမှ လက်နက်များစမ်းသပ်ပစ်ခတ်မှုများကိုပါ လုပ်ဆောင်နေခြင်းကြောင့် ဒေသခံများအနေဖြင့် ဗုံးခို ကျင်းများပြုလုပ်ထားခြင်းအပါအဝင် လုံခြုံသည့်နေရာများသို့ ပြောင်းရွှေ့နေရကြောင်း သိရသည်။
“အခုက စစ်ရေးအခြေအနေက ဘာမှန်းမသိရဘူးလေ။ အခုချက်ချင်းလည်းထပြီး စစ်ဖြစ်နိုင်သလို၊ မဖြစ်လည်း မဖြစ်နိုင်ဘူးဆိုပေမယ့် ကိုယ့်ဘက်ကတော့ ကြိုတင်ပြင်ဆင်ထားရတာပေါ့။ အရှေ့မှာလည်း အကြိမ်ကြိမ်ကြုံဖူး ထားတော့ အသက်အန္တရာယ်ထိခိုက်မှာတွေ မဖြစ်ချင်တော့တာနဲ့ ပြောင်းရွှေ့ဖို့ကို ပြင်ဆင်ထားတာပါ” ဟု ရခိုင် ပြည်နယ်၊ ရသေ့တောင်မြို့နယ်က ဒေသခံတစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းများ ပိုမိုလှုပ်ရှားသွားလာနေပြီး ရေလမ်းကြောင်းကို အဓိကအသုံးပြ၍ စစ်ရေးလှုပ်ရှားမှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ် (၃) ဖွဲ့ထံက သိရသည်။
ယင်းအပြင် နေ့စဉ်သွားလာလှုပ်ရှားမှုများရှိသော အရပ်သားပြည်သူများကိုလည်း စစ်ဆေးမှုများ ပိုမိုတင်းကြပ် စွာလုပ်ဆောင်ခြင်း၊ အရပ်ဘက်အဖွဲ့များ၏ ခရီးသွားလာမှုဆိုင်ရာအချက်လက်များကိုလည်း ပိုမိုတင်းကြပ်စွာ စစ်ဆေးခြင်းနှင့် ရုံးများအား ဝင်ရောက်စီးနင်းဖမ်းဆီးခြင်းအပြင် ဒေသတွင်းမီဒီယာသမားကိုလည်း ဖိနှိပ်မှုများ ရှိကြောင်း သိရသည်။
“ရခိုင်မှာ အစကတော့ နှစ်ဘက် အပစ်အခတ်ရပ်စဲရေးကို လုပ်ထားတာတော့ ရှိတယ်။ သိပ်ပြီးတော့ ကတိကဝတ် များများစားစားတော့ မပါဘူးပေါ့။ နားလည်မှုနဲ့ တည်ဆောက်ထားတဲ့ ကတိကဝတ်ပေါ့။ စစ်ကောင်စီကလည်း တောက်လျှောက်ကို အင်အားတွေဖြည့်တာတွေရှိတယ်။ အခု ရှမ်းမြောက်မှာ ဖြစ်လာတဲ့ မြေပြင်အနေအထားအရ ရခိုင်မှာလည်း လာရိုက်ခတ်တာပေါ့လေ” ဟု နိုင်ငံရေးလေ့လာ သုံးသပ်သူတစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း၊ မောင်တောနှင့် တောင်ကုတ်မြို့တို့တွင် အထိုင်ချထားသည့် စစ်ကောင်စီတပ်စခန်း များသည် ပြီးခဲ့သည့် အောက်တိုဘာလကုန်ပိုင်းမှ စတင်၍ လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ပစ်ခတ်မှုများ လုပ်ဆောင်နေကြောင်း ဒေသခံများကဆိုသည်။
“ပုဏ္ဏားကျွန်းမှာက အခြေစိုက်တဲ့ ၅၅၀ တပ်ရင်းဆိုတာ ရှိတယ်။ အဲ့ဒီကနေတော့ လက်နက် စမ်းသပ်တာတွေကို လုပ်နေတာ၊ အခုဆို နှစ်ပတ်လောက်တော့ ရှိပြီ။ နေ့တိုင်းတော့ စမ်းသပ်တာ မဟုတ်ဘူး။ မနက်အစောပိုင်းနဲ့ ညနေပိုင်းလောက်တော့ ပစ်ကြတယ်။ သူတို့ ပစ်တာကလည်း တောင်တွေဘက်ကို ပစ်တာဆိုပေမယ့် အသံတွေ အရမ်းကျယ်ပြီး မြေတွေလည်း တုန်တယ်လေ။ အဲ့ဒီတော့ စိုးရိမ်မှုကရှိနေတာပေါ့။ ဘယ်အချိန်ကျလာမလဲဆို တဲ့ စိုးရိမ်စိတ်နဲ့နေနေရတာ” ဟု ပုဏ္ဏားကျွန်းမြို့နယ်တွင်နေထိုင်သည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်သည် အောက်တိုဘာလကုန်ပိုင်းမှ စတင်ကာ ရခိုင်ပြည်နယ်အတွင်းရှိ မီဒီယာအချို့နှင့် ရုံးခန်း များကို ဝင်ရောက်စီးနင်းဖမ်းဆီးခြင်းနှင့် အရပ်သားပြည်သူများကိုလည်း စစ်ဆေးခြင်းများ ပိုမိုလုပ်ဆောင်လာခဲ့ ပြီး ရက္ခိုင့်တပ်တော် AA ကလည်း စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့များနှင့် ကားများဖမ်းဆီးခြင်းတို့ကိုလုပ် ဆောင်လာခဲ့သည်။