ရက္ခိုင့်တပ်တော် (AA) ၏ ရခိုင်ပြည်နယ်အတွင်း တရားရေး၊ စီမံအုပ်ချုပ်ရေးတို့တွင် တာဝန်ထမ်းဆောင်ရန်နှင့် ပြည်သူ့ဝန်ဆောင်မှုများပေးနိုင်ရန်အတွက် သင်တန်းသားများအား ယခုအောက်တိုဘာလအတွင်းမှ စတင်ကာ ခေါ်ယူနေပြီး ယင်းကဲ့သို့ သင်တန်းသား ခေါ်ယူမှုအား ရခိုင်တိုင်းရင်းသားများအနေဖြင့် ကြိုဆိုကြောင်း သိရသည်။
“ကျတော်တို့ လူငယ်တွေကတော့ သင်တန်းသားခေါ်ယူတာတွေကို ကြိုဆိုတယ်။ ရခိုင်မှာက စစ်ကောင်စီကို အားကိုးလို့ မရဘူးလေ။ ရခိုင်ပြည်သူကို ကိုယ်စားပြုတဲ့ ရက္ခိုင့်တပ်တော်နဲ့ အစိုးရကို ကြိုလည်း ကြိုဆိုတယ်။ ဒီလို သင်တန်းတွေပေးတဲ့ အတွက်လည်း ကိုယ်ပိုင်အစိုးရဆီမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ ရလာမယ်လို့ ယုံကြည်တယ်”ဟု ရခိုင်တိုင်းရင်းသား တစ်ဦးက ပြောသည်။
၁၇ လကြာဖွင့်လှစ်မည့် အာရက္ခပြည်သူ့ရေးရာမူဝါဒနှင့် စီမံအုပ်ချုပ်ရေးကျောင်းတွင် လျှောက်ထားသူများသည် “အာရက္ခနိုင်ငံတော်”နှင့် “အာရက္ခပြည်သူ့အစိုးရ”ကို သစ္စာခံရမည်ဖြစ်ပြီး တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရ (သို့မဟုတ်) အနိမ့်ဆုံးအဆင့် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူ ဖြစ်ရမည်ဖြစ်ကာ အသက် ၁၈ မှ ၃၂ နှစ်အတွင်း ဖြစ်ရမည်ဟု ဝင်ခွင့်လျှောက်လွှာတွင် ဖော်ပြထားသည်။
“လူငယ်တွေအများကြီးနဲ့ ဥပဒေပိုင်းဆိုင်ရာကို ကိုင်တွယ်မယ်ဆိုတော့လည်း ရခိုင်ပြည်တွင်းရဲ့ တရားဥပဒေစိုးမိုမှုက ပိုမိုခိုင်မာလာမယ်။ ရခိုင်ပြည်အစိုးအရအနေနဲ့က တရားဥပဒေတွေကို တရားဝင်မချပြနိုင်သေးပေမယ့် လူငယ်တွေ ပါဝင်လာပြီးတဲ့ နောက်မှာတော့ လူငယ်တွေအတွက် အခွင့်အလမ်းတွေ လူငယ်တွေကို နေရာပေးမှုတွေက ပိုပြီးတွင်ကျယ်လာမယ်လို့ မြင်တယ်”ဟု နောက်ထပ် ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှ ဒေသခံတိုင်းရင်းသား တစ်ဦးက ပြောသည်။
သင်တန်းသားခေါ်ယူခြင်းများသည် ၂ နှစ်တိုင်ရှိပြီဖြစ်ပြီး ယခုတစ်ကြိမ်သည် ဒုတိယအကြိမ် ခေါ်ယူခြင်းဖြစ်ကာ ULA/AA နှင့် စစ်တပ်တို့ တိုက်ပွဲများဖြစ်ပွားပြီးနောက် ရက္ခိုင့်တပ်တော်အနေဖြင့် ထိန်းချုပ်နယ်မြေများ အများအပြားရှိလာသည့်အတွက် ငြိမ်းဝပ်ပိပြားရေးများ ဆောင်ရွက်ရန်အတွက် အင်အားများလိုအပ်နေခြင်းကြောင့် သင်တန်းသားများခေါ်ယူရခြင်းဖြစ်ကြောင်း သိရသည်။
“စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်မှာ ULA/AA က ထိန်းချုပ်နယ်မြေတွေ အများကြီးရလာတယ်။ စစ်တပ်ကတော့ မြို့ပေါ်လောက်ပဲ အခြေစိုက်နိုင်တဲ့ အနေအထားမျိုးရှိတယ်။ ဒါကြောင့် ULA/AA က ငြိမ်းဝပ်ပိပြားရေး ထိန်းသိမ်းဖို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတွေကို ထိန်းသိမ်းဖို့အတွက် အင်အားတွေ လိုလာတာပေါ့။ အထူးသဖြင့် တိုက်ပွဲတိုက်ရာမှာက ပညာကို အခြေမခံပေမယ့် အုပ်ချုပ်ရေးတွေနဲ့ တရားဥပဒေစိုးမိုးရေးတွေမှာကျတော့ ခေတ်ပညာတက်လူငယ်တွေနဲ့ ဥပဒေရေးရာနားလည်တဲ့လူငယ်တွေကို လိုလာတယ်။ ဒါကြောင့် ငြိမ်ဝပ်ပိပြားပြီး အေးချမ်းဖို့နဲ့ တည်ငြိမ်မှုရှိအောင် အေအေရဲ့ ပုခုံးပေါ်ကို ရောက်လာတယ်။ ဒါကြောင့်မို့လည်း သူတို့ (ULA/AA) အနေနဲ့က သင်တန်းသားတွေ ခေါ်ယူတာပေါ့”ဟု ဝါရင့်နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက ပြောသည်။
၁၇ လကြာဖွင့်လှစ်မည့် အာရက္ခပြည်သူ့ရေးရာမူဝါဒနှင့် စီမံအုပ်ချုပ်ရေးကျောင်းမှ သင်တန်းသား ခေါ်ယူခြင်းနှင့် ပတ်သက်၍ ရက္ခိုင့်တပ်တော်၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခထံ MPA မှ ဆက်သွယ်မေးမြန်းထားသော်လည်း တစ်စုံတစ်ရာ အကြောင်းပြန်ခြင်း မရှိသေးပေ။
စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် အေအေတို့သည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်း တကျော့ပြန် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ယင်းနှစ် သြဂုတ်လမှ စတင်ကာ နှစ်ဘက်နားလည်မှုဖြင့် အပစ်ရပ်စဲထားပြီး ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ မရှိသော်လည်း စစ်ကောင်စီဘက်မှ တစ်ခါတစ်ရံ လက်နက်ကြီးများနှင့် အကြောင်းပြချက်မရှိ ပစ်ခတ်မှုများ ရှိနေခြင်းကြောင့် ဒေသခံများအနေဖြင့် စိုးရိမ်မှုများ ရှိနေသည်။