အာဏာသိမ်းစစ်ကောင်စီက ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းများအနက် ပုဏ္ဏားကျွန်းမြို့မှ ရေဖြူကန် (စက်မှုဇုန်) စစ်ဘေးရှောင်းစခန်းကို မတ်လ ၃ ရက်၊ နံနက်က စက်ယန္တရားများဖြင့် ပထမဆုံးအကြိမ် ဖြိုဖျက်ပြပြီး စစ်ဘေးရှောင်များကို အတင်းနှင်ထုတ်ခဲ့ကြောင်း ဆိုကြသည်။
အဆိုပါ စစ်ဘေးရှောင်စခန်းသို့ စစ်ကောင်စီ၏ ပြည်နယ်ဝန်ကြီးချုပ် အသစ်ကိုယ်တိုင်လာရောက်ပြီး ဘတ်ဖိုးစသည့် စက်ယန္တရားများနှင့် ကားများကိုပင် အဆင်သင့်ယူဆောင်လာပြီး စစ်ဘေးရှောင်များကို စခန်းထဲမှ အတင်းနှင်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်များက ဆိုကြသည်။
” အိမ်မပြန်ချင်ရင်လည်း ဒီမှာဆက်နေလို့ မရတော့ဘူး။ မသွားကြရင်တော့ အကုန်လုံးကို ဖြိုဖျက်လိုက်မယ်လို့ ခြိမ်းခြောက်ပါတယ်။ ရွာပြန်ရင်လည်း မိုင်းအန္တရာယ်တွေ၊ ရွာနားမှာ စစ်သားတွေနဲ့ပါ။ သူတို့က အတင်းနှင်ထုတ်တာပါ” ဟု ထိုစစ်ဘေးရှောင်စခန်းမှ အမျိုးသမီးတစ်ဦးက MPA သို့ ပြောသည်။
ထို စစ်ဘေးရှောင်စခန်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လက်ထက်က ကျပ် နှစ်ဘီလီယံကျော် အကုန်အကျခံ တည်ဆောက်ခဲ့သည့် စခန်းများအနက်တစ်ခုဖြစ်ပြီး စစ်ကောင်စီက ပထမဆုံးဖြိုဖျက်လိုက်သည့် အစိုးရတည်ဆောက်ထားသော စခန်းဖြစ်ကြောင်း ရခိုင်အရပ်ဘက်အဖွဲ့အစည်းများက ဆိုကြသည်။
ယင်း စစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၁၀၀ ကျော်၊ လူဦးရေ ၅၃၂ ဦး ခိုလှုံနေကြပြီး ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ စစ်ဘေးရှောင်လာသူများလည်း ပါဝင်ကာ ထိုစခန်းတွင် လေးနှစ်ကျော်ကြာ နေထိုင်နေရခြင်းလည်း ဖြစ်သည်ဟု ဆိုကြသည်။
ထိုကဲ့သို့ အစိုးရဆောက်လုပ်ခဲ့သည့် စခန်းကို ယခုကဲ့သို့ အင်အားသုံး အတင်းဖြိုဖျက်လိုက်ခြင်းသည့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အမိန့်ဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုကြပြီး အာဏာသိမ်းစစ်ခေါင်းဆောင် ရခိုင်ခရီးစဥ်မှပြန်သွားပြီး ၂ ရက်အကြာ ယခုကဲ့သို့ အင်အားသုံး အတင်းဖြိုဖျက်ခံရခြင်းဖြစ်သည်။
” ဝန်ကြီးချုပ် ကိုယ်တိုင် လာဖြိုတာလေ။ ရခိုင်က မင်းအောင်လှိုင်ပြန်သွားတာ ၂ ရက်ပဲရှိသေးတယ်။ သူ (မင်းအောင်လှိုင်) အမိန့်မပေးခဲ့ဘဲ ဖြိုဖျက်ရဲမှာ မဟုတ်ဘူး။ ဒီအတိုင်းဆိုရင် ကျန်တဲ့ စစ်ဘေးရှောင်စခန်းတွေလည်း ဖြိုဖျက်ခံရနိုင်တယ်” ဟု ရခိုင်အရပ်ဘက်အဖွဲ့အစည်းတစ်ခုက MPA သို့ သုံးသပ်ပြောဆိုသည်။
ထို စစ်ဘေးရှောင်များ၏ မူလနေရပ်ကျေးရွာများတွင် မိုင်းရှင်းလင်းရေးနှင့်
စားနပ်ရိက္ခာအချို့ ထောက်ပံ့ပေးမည်ဟု စစ်ကောင်စီက ဆိုသော်လည်း ယခုအချိန်အထိ မိုင်းရှင်းလင်းပေးခြင်းမရှိသည့်အပြင် ကျေးရွာများအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက စခန်းချတပ်စွဲထားကြဆဲဖြစ်ကြောင်းလည်း စစ်ဘေးရှောင်များက ဆိုကြသည်။
ရခိုင်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ကြား ပြီးခဲ့သည့်နိုဝင်ဘာလ ၂၆ ရက်နေ့က ရုပ်တရက်ယာယီအပစ်ရပ်လိုက်ကြသော်လည်း စစ်ကောင်စီက အပစ်ရပ်သဘောတူညီချက်များကို မလိုက်နာကြောင်းနှင့် လုံခြုံရေးအာမခံချက်မပေးနိုင်ဘဲ စစ်ဘေးရှောင်များကို အတင်းနေရပ်ပြန်ခိုင်းနေကြောင်း ULA/AA က ဝေဖန်ထောက်ပြထားသည်။
ရခိုင်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာစစ်တပ်တို့အကြား ၂၀၁၈ ခုနှစ်၊ နှစ်ကုန်ပိုင်းက စတင်ခဲ့သည့် တိုက်ပွဲများနှင့် ယခုတကျော့ပြန် တိုက်ပွဲကာလအတွင်း ထပ်တိုးလာသည့် စစ်ဘေးရှောင်များအပါအဝင် တစ်သိန်းကျော်အထိ ရှိနေကြောင်း ရခိုင်အရပ်ဘက်အဖွဲ့အစည်းများ၏ စာရင်းတွင် ဖော်ပြထားသည်။