ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ ငပလီကမ်းခြေရှိ Pristine Mermaid Resort ၌ ဇန်နဝါရီလ ၁၉ ရက်မှ ၂၁ ရက်နေ့အထိ ပြုလုပ်ခဲ့ကြသည့် မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်အကြား အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ပတ်သက်၍ နိုင်ငံရေး လေ့လာ သုံးသပ်သူများက ရေတပ်ပူးပေါင်း ဆောင်ရွက်မှုကို ပိုမို လုပ်ဆောင်လာနိုင်သည်ဟု ပြောဆိုကြသည်။
အဆိုပါ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်သည့် မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်အကြား အဆင့်မြင့် အရာရှိကြီးများအစည်းအဝေး 8th High Level Committee Meeting သို့ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Chalermphon Srisawasdi နှင့် ဇနီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။
” သူတို့ မလာခင်ကတည်းက ရေတပ်သင်္ဘောကြီးတွေ အများကြီးရောက်နေတယ်။ ရောက်တော့လည်း ရေတပ်ကအင်အားပြ၊ စွမ်းရည်ပြတာတွေကို လုပ်ခဲ့ကြတယ်။ အဓိက ရေတပ်ကို ပူးပေါင်းဆောင်ရွက်ကြမယ်လို့ မြင်တယ်။ စစ်ကောင်စီရဲ့ ကြေးတပ်က အဆင်မပြေတော့လို့ ရေတပ်ကို ပိုပြီး အင်အားဖြည့်တာပေါ့” ဟု ရခိုင်အရေး စောင့်ကြည့်လေ့လာသူတစ်ဦးက MPA သို့ပြောသည်။
ထို အစည်းအဝေးသို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့အပြင် စစ်ကောင်စီအရာရှိ အများအပြားလည်း တက်ရောက်ခဲ့ပြီး ရေတပ်အင်အားအများဆုံး ပါဝင်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား တစ်ထောင်ကျော်အထိ လုံခြုံရေးယူပေးခဲ့သည်ဟု စစ်ကောင်စီအရာရှိအချို့က ဆိုကြသည်။
ထို အစည်းအဝေးသို့ အာဏာသိမ်းစစ်တပ်၏ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေးနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နှစ်နိုင်ငံ စစ်သံမှူးများနှင့် ဇနီးများ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။
ယင်း အစည်းအဝေးမစတင်မီ စစ်ခေါင်းဆောင်နှင့် အဖွဲ့သည် သံတွဲမြို့အနီးရှိ နယ်မြေခံ ပင်မရေငုပ်နှင့် ဆယ်ယူရေးတပ်၏ လေ့ကျင့်ရေးဆောင်ရွက်နေမှုများနှင့် တပ်တည်ဆောက်ရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်ဟုလည်း ဖော်ပြထားသည်။
” တပ်တည်ဆောက်ရေးလို့ ရိုးရိုးလေးဖော်ပြပေမယ့် တကယ်တော့ အဲဒါက ရုရှားက တည်ဆောက်နေတဲ့ ရေတပ်အခြေစိုက်စခန်းပါ။ ပြည်တွင်းထက် ပြည်ပအင်အားကြီး နိုင်ငံတွေကို ရည်ရွယ်ထားပုံရပါတယ်။ အဲဒီရုရှားရေတပ်အခြေစိုက်စခန်း တည်ဆောက်နေတာက အာဏာစသိမ်းကတည်းကပါ” ဟု ရခိုင်စစ်ရေး လေ့လာစောင့်ကြည့်နေသူတစ်ဦးက ဆိုသည်။
” ရေတပ် ပင်မရေငုပ်နှင့် ဆယ်ယူရေးတပ်လေ့ကျင့်ရေးကမ်းခြေတွင် ရေတပ် အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင် ၈ ဦးမှ ရန်သူ့ရေယာဉ်အား တိတ်တဆိတ်ဝင်ရောက် ဖောက်ခွဲ၍ ပြန်လည်ထွက်ခွာခြင်း (Cast & Recovery) လေ့ကျင့်ခန်း သရုပ်ပြသခြင်းနှင့် သရုပ်ပြလေ့ကျင့်နေမှုအား ကြည့်ရှုသည်” ဟု စစ်ကောင်စီက ဖော်ပြထားသည်။
ထိုအစည်းအဝေးတွင် နှစ်နိုင်ငံစစ်တပ်များ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုလုပ် ဆောင်မည်ဟု ဖော်ပြထားပြီး အချက်အလက်အချို့ကို ဖော်ပြထားသော်လည်း ရေတပ်နှင့် ပတ်သက်သည့် အချက်လက်များ၊ ဆွေးနွေးသဘောတူချက်များကို ဖော်ပြထားခြင်းမရှိပေ။