ရခိုင်သို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် လာရောက်မည် ဖြစ်သဖြင့် လုံခြုံရေးတင်းကျပ်ထားကြောင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဒေသခံများက ဆိုကြသည်။
ရခိုင်ပြည်နယ်၊ သံတွဲမြို့နှင့် စစ်တွေမြို့များတွင် အဓိကတင်းကျပ်ထားခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့ဝင် အများဆုံး အသုံးပြု လုံခြုံရေးချထားကြောင်းလည်း ဆိုကြသည်။
” စစ်တွေမြို့ပေါ်တော့ ရဲတွေကပဲ အဓိက လုံခြုံရေးယူပေးထားတာ။ လာမယ်လို့ ပြောတယ်။ တခြားဘာတွေ၊ ဘာတွေလဲဆိုတာကတော့ အတိအကျမသိရဘူး။ ပြောလို့မရဘူး” ဟု စစ်တွေမြို့မှ ရဲအရာရှိကြီးတစ်ဦးက MPA သို့ ပြောသည်။
ထို စစ်ခေါင်းဆောင်မင်းအောင်လှိုင်မှာ ဇန်နဝါရီလ ၁၈ ရက်၊ ယနေ့ သံတွဲမြို့သို့ရောက်မည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း အမှန်တကယ် ရောက်၊ မရောက်ကို အတည်မပြုနိုင်သေးပေ။
ထိုကဲ့သို့ လာရောက်မည့်နေရာအနီးအနား ငပလီမြို့နှင့် မဇင်လေဆိပ်လမ်းတစ်လျှောက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လုံခြုံရေအထူးတင်းကျပ်ထားပြီး ဒေသခံပြည်သူများအား ဖြတ်သန်းသွားလာခွင့် ပိတ်ထားကြောင်းလည်း ဆိုကြသည်။
ထို့အပြင် စစ်တွေမြို့တွင် လောကန္ဒာစေတီ၊ ဦးဥတ္တမပန်းခြံနှင့် စစ်တွေစာ တိုက်ကြီးအနီးအနား နေရာအားလုံးကို လုံခြုံရေးယူတင်းကျပ်ထားသည်ဟုလည်း ဒေသခံများက ဆိုကြသည်။
” သူလာမယ်လို့တော့ ပြောတယ်။ အတိအကျမသိရဘူး။ ဖုန်းတောင်မယူရဘူး။ တခြားသူတွေနဲ့လည်း ဖုန်းမပြောရဘူးလို့ မှာထားတယ်” ဟု သံတွဲမြို့ပေါ်တွင် လုံခြုံရေးယူနေသည့် ရဲအရာရှိတစ်ဦးက MPA သို့ ပြောသည်။
အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် ထိုင်းရေတပ်စစ်ဦးစီးချုပ်တို့ ငပလီတွင် တွေ့ဆုံဆွေးနွေးကြမည်ဟု သတင်းများထွက်ပေါ်နေပြီး ရခိုင်တောင်ပိုင်းရှိ ရုရှားရေတပ် အခြေစိုက်စခန်းသို့လည်း သွားရောက်ကြမည်ဖြစ်ကြောင်းလည်း သတင်းရင်းမြစ်အချို့က ဆိုသည်။
ထိုသို့ မလာရောက်မီ စစ်ကောင်စီ၏ ပြည်ထောင်စုအဆင့် ကောင်စီဝင်များ၊ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်အချို့နှင့် ဝန်ကြီးအချို့လည်း စစ်တွေမြို့သို့ ကြိုတင်ရောက်ရှိနေကြသည်။