By Hlaing / MPA
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ တောင်ယောဒေသ၊ ဆောမြို့နယ်၊ ကျောက်ထုတိုက်နယ်တွင် စစ်ကောင်စီ ဖမ်းဆီးနှိပ်စက်မှုကြောင့် ဦးဇင်းတစ်ပါး ပျံလွန်တော်မူခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၅ ခုနှစ်၊ မေ သုံးရက်၊ နံနက်ပိုင်း၌ ကျောက်ထုတိုက်နယ်၊ တပြင်းကျေးရွာမှ ဦးဇင်းနှင့် ကပ္ပိယ နှစ်ဦးက မီးစက်ပြင်ရန် လိုအပ်သည့် ပစ္စည်းများကို ကျောက်ထုတိုက်နယ်သို့ သွားရောက်ဝယ်ယူရာတွင် စစ်ကောင်စီတပ်သားများ၏ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
“ ဦးဇင်းက တပြင်းရွာက ဦးဇင်းပါ၊ ကျောက်ထုကို စျေးဝယ်သွားရင်း ဖြစ်သွားတာ၊ ဦးဇင်းရော၊ ကပ္ပိယရော အဖမ်းခံရပြီး နှိပ်စက်ခံရတာ” ဟု အသက် ၃၀ အရွယ် ဒေသခံအမျိုးသားတစ်ဦးက MPA သို့ ပြောသည်။
စစ်ကောင်စီ ဖမ်းဆီးနှိပ်စက် ခဲ့သည့် ဦးဇင်နှင့် ကပ္ပိယတို့ကို ယင်းနေ့ ညပိုင်းတွင် ပြန်လွှတ်ပေးခဲ့သော်လည်း နှိပ်စက်ခံရသည့် ဒဏ်ရာများကြောင့် မေလေးရက် နံနက်ပိုင်းတွင် ဦးဇင်းမှာ ပျံလွန်တော်မူခဲ့ခြင်းဖြစ်သည်။
“ ဦးဇင်းက ဆိုင်ထဲကနေပြီး ဓာတ်ပုံရိုက်ရာမှာ တဖက်ကဆိုင်မှာလည်း စစ်ကောင်စီတပ်သားတွေက မူးရူးနေကြတာ။ အဲ့ဒါ သူတို့ကိုရိုက်ပါတယ်ဆိုပြီး မသင်္ကာတာနဲ့ ဖမ်းသွားတာ၊ အဲ့ဒီ့ညမှာပဲ ပြန်လွှတ်ပေးလိုက်တာ။ နောက်နေ့မနက်ရောက်တော့ ဦးဇင်းက ပျံလွန်တော်မူသွားတယ်” ဟု အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးက ဆိုသည်။
ထိုကဲ့သို့ စစ်ကောင်စီတပ်သားများ၏ ဖမ်းဆီးနှိပ်စက်မှုကြောင့် ပျံလွန်တော်မူခဲ့သည့် ဦးဇင်း၏ ကျောပြင်၌ ဓားဖြင့်မွှန်းထားသည့် ဒဏ်ရာများတွေ့ရှိရကာ ခြေနှင့် လက်ချောင်းများလည်း ကျိုးလျက်ရှိပြီး၊ ကပ္ပိယဖြစ်သူမှာလည်း ပေါင်တွင် ဓားဒဏ်ရာ နှစ်ချက်၊ ရင်ဘက်တွင် မီးစဖြင့် ထိုးခံထားရသည့် ဒဏ်ရာများကြောင့် လက်ရှိအချိန်တွင် ဆေးဝါးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် စစ်ကောင်စီက ကျောက်ထုတိုက်နယ်တဝိုက်ကို နေ့စဉ်နီးပါး လေကြောင်းအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိနေပြီး ဒေသခံပြည်သူများမှာလည်း စိုးရိမ်ထိတ်လန့်နေကြရကြောင်း သိရသည်။
“ ကျောက်ထုနားတဝိုက်ကတော့ လေယာဥ်နေ့တိုင်းလာတယ်။ အရင်နေ့တွေက ကျောက်ထုနားပတ်ချာလည် Y – 12 နဲ့ ဂျက်ဖိုက်တာတွေနဲ့ ကြဲနေတာ။ ဒီ တစ်ရက်၊ နှစ်ရက်ကတော့ မလာဘူး။ ကံချောင်း၊ ကွမ်းခင်း၊ ယောမြို့ဘက်တွေလည်း ကြဲတယ်။ နေရာစုံနေပြီ” ဟု ကျောက်ထုဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။
ကျောက်ထုတိုက်နယ်အနီးရှိ ပန်းဆန်ကျေးရွာ၌ တစ်လနီးပါအကြာတပ်စွဲနေထိုင်ခဲ့သည့် စစ်ကောင်စီစစ်ကြောင်းမှာ ပြီးခဲ့သည့် ဧပြီ ၂၇ ရက်တွင် ကျောက်ထု အမြောက်တပ်ရင်း (အမှတ် – ၃၆၈) အတွင်းသို့ ပြန်လည်ဝင်ရောက်သွားသော်လည်း အနီးရှိ ကျေးရွာများအနေဖြင့် သတိထားနေထိုင်ရန်လိုအပ်ကြောင်း ဒေသခံတော်လှန်ရေးတပ်ဖွဲ့များက တိုက်တွန်းထားသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ မေ တစ်ရက်တွင်လည်း စစ်ကောင်စီက ဆောမြို့နယ်၊ အညာကတင်းကျေးရွာကို ဗုံးကြဲ တိုက်ခိုက်ခဲ့မှုကြောင့် အမျိုးသမီးလေးဦး သေဆုံးခဲ့သေးသည်။
စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်တို့နှင့် ထိစပ်နေသည့် မကွေးတိုင်းအတွင်းရှိ ယောဒေသသည် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များ အင်အားကောင်းရာ ဒေသတစ်ခုဖြစ်ပြီး၊ စစ်ကောင်စီက ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ထားသည့် ဒေသတစ်ခုလည်း ဖြစ်သည်။