By Hlaing / MPA
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ပြန်လှည့်ကျေးရွာတွင် PDF တပ်ရင်းမှူးတစ်ဦးက ဆေးဆရာမကို ပစ်သတ်ပြီး မိမိကိုယ်ကိုလည်း အဆုံးစီရင်ခဲ့သည့် ဖြစ်စဥ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။
၂၀၂၅ ခုနှစ်၊ ဧပြီ ၃၀ ရက်၊ ည ကိုးနာရီဝန်းကျင်တွင် တပ်ရင်းမှူးက အနာဆေးထည့်မည်ဟုဆိုကာ ဆရာမနေထိုင်သည့် ယင်းမာပင်မြို့နယ်၊ ပြန်လှည့်ကျေးရွာရှိ နေအိမ်သို့ ရောက်ရှိလာခဲ့ပြီး နေအိမ်၌ပင် နှစ်ဦးသား အချေအတင်စကားများခဲ့ပြီးနောက် အဆုံးစီရင်မှူဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
“ အိမ်ဝိုင်းထဲရောက်ပြီး သိပ်မကြာဘူး အဲ့ဒီလိုဖြစ်သွားတာလို့ ဆရာမအဖွားကတော့ပြောတယ်။ ဆွဲလားရမ်းလားတွေ ဖြစ်တော့ အဖွားက အိမ်အောက်ဆင်းပြေးချိန် ဆရာမက သတိလစ်နေတယ်။ အဖွားက ကောက်ပွေ့ပြီး သတိပြန်လည်ချိန် ရင်းမှူးက ဆရာမကို နင့်လည်း မထားဘူး။ ငါလည်း မနေဘူးဆိုပြီး ပစ်လိုက်တာလို့ အဖွားပြောတယ်” ဟု ဖြစ်စဥ်ကိုသိရှိသူ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက MPA သို့ ပြောသည်။
အဆိုပါ ဖြစ်စဥ်တွင် သေနတ်ဖြင့် ပစ်သတ်ခံရသူ အမျိုးသမီးမှာ CDM ကျန်းမာရေးဝန်ထမ်းတစ်ဦးဖြစ်သည့် မဇာနည်ဝင်း ဆိုသူဖြစ်ပြီး၊ မိမိကိုယ်ကို အဆုံးစီရင်ခဲ့သူမှာ ယင်းမာပင်ခရိုင် တပ်ရင်း အမှတ် ၁၇၏ တပ်ရင်းမှူးဖြစ်သည့် ကိုဖိုးစီ ဖြစ်ကြောင်း သိရသည်။
“ ဆရာမက G 3 နဲ့ ပစ်ခံရတာ။ ဘယ်ဖက် ရင်အုံပေါ် နှစ်ချက်၊ ဘယ်ဖက် နံချောင်ကနေ ညာဖက်ဖောက်ထွက် တစ်ချက်နဲ့ ဦးခေါင်း တစ်ချက်၊ စုစုပေါင်း ၄ချက်ပဲ၊ ရင်းမှူးကတော့ ရင်ဘတ် နှစ်ချက်လို့ ပြောတယ်။ သူတို့ ပတ်သက်မှုတော့ အသေအချာမသိဘူး။ ဆရာမက တော်လှန်ရေးဆေးရုံတစ်ခုမှာ တာဝန်ထမ်းဆောင်နေတာ” ဟု အမည်မဖော်လိုသည့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
CDM ကျန်းမာရေးဝန်ထမ်းတစ်ဦးဖြစ်သည့် မဇာနည်ဝင်းသည် ပြန်လှည့်ကျေးရွာတွင် အဖွားဖြစ်သူနှင့်အတူ နေထိုင်သူဖြစ်ပြီး မွေးချင်း မောင်နှမနှစ်ယောက်တွင် အကြီးဆုံးဖြစ်သည်။
အခင်းဖြစ်ပွားပြီး မကြာမီ ယင်းမာပင်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များ(ပလဖ) ရောက်ရှိလာပြီး စစ်ဆေးဆောင်ရွက်မှုများလည်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
“ ဆရာမ မိဘတွေကလည်း မေ သုံးရက်(ယနေ့)မှ ရောက်ကြမှာဆိုတော့ ယင်းမာပင် ပလဖ ကတော့ သုံးရက်လောက်နေမှ လိုအပ်တဲ့ စစ်ဆေးချက်တွေ လုပ်ဖို့ ပြန်လာပါမယ် ပြောသွားတယ်။ ဖြစ်တဲ့ညကတော့ စစ်ချက်ယူသွားတယ်” ဟု ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။
သေဆုံးသူနှစ်ဦး၏ ရုပ်အလောင်းများကို ယင်းမာပင်မြို့နယ်အတွင်းရှိ ဆေးရုံတစ်ခုတွင် ထားရှိပြီး လက်ရှိအချိန်ထိ ဆေးစစ်ချက်အဖြေများကို မသိရှိသေးကြောင်း ဒေသခံများက ဆိုသည်။
တပ်ရင်းမှူး ကိုဖိုးစီနှင့် CDM ကျန်းမာရေးဝန်ထမ်းတစ်ဦး ဖြစ်သည့် မဇာနည်ဝင်းတို့ သေဆုံးမှုနှင့် ပတ်သက်၍ အသေးစိတ်သိရှိနိုင်ရန် MPA အနေဖြင့် ဆက်လက်စုံစမ်းလျက်ရှိနေသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ လေးရက်ကလည်း ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်များ အင်အားကောင်းရာ နယ်မြေတစ်ခုဖြစ်သည့် ကနီမြို့နယ်တွင် ပညာရေးတာဝန်ခံတစ်ဦးဖြစ်သည့် ဦးဝင်းဌေးအပါအဝင် မိသားစု သုံးဦး သတ်ဖြတ်ခံခဲ့ရသည်။