By Zwe Ko / MPA
ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ်ရှိ နန်း၀တီရွှေဆိုင်ပိုင်ရှင် အမျိုးသမီးကို BTZM GBK PDF က ပစ်သတ်ခဲ့မှုနှင့် ပတ်သက်ပြီး ဒေသခံများက ကန့်ကွက်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် မတ် ၁၂ရက် ၊ နံနက်ပိုင်းက နန်း၀တီရွှေဆိုင်ပိုင်ရှင် လင်မယား နှစ်ဦးအနက် အမျိုးသမီးဖြစ်သူကို BTZM GBK PDFက ပစ်သတ်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့သည် ပျူစောထီးအဖွဲ့ဝင်များဖြစ်ခြင်းကြောင့် အရေးယူခဲ့ခြင်းဖြစ်သည်ဟု ဆိုထားသော်လည်း ရွှေဆိုင်ပိုင်ရှင် လင်မယားနှစ်ဦးသည် သာမန်အရပ်သားများသာဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
“ သူတို့ BTZM GBK PDF ပြောသလို တောင်သူတွေအပေါ် ခေါင်းပုံဖြတ်ပြီး စစ်တပ်ကို သတင်းပေးသည်ရှိအုန်း သတ်ဖြတ်အရေးယူရမဲ့ ကိစ္စမဟုတ်ဘူး။ ပြီးတော့ ပျူစောထီးအဖွဲ့ဟုတ်မဟုတ်ဆိုတာလည်း မသေချာပါဘူး။ ကြို့ပင်ကောက်မှာ လက်နက်ကိုင်ပြီး သွားလာနေတဲ့ ပျူစောထီးတွေ၊ ပြည်သူ့စစ်တွေအများကြီးပါ၊ တကယ့် ပျူစောထီးတွေကို မရှင်းဘဲ လက်နက်မဲ့ အမျိုးသမီးတစ်ယောက်ို သတ်ဖြတ်တာကို ဘယ်လိုမှ လက်ခံနိုင်စရာမရှိဘူး။ အခုလိုလုပ်ရပ်အတွက် မြို့ခံတွေကတော့ တော်တော်စိတ်ပျက်ကုန်တယ် ” ဟု ကြို့ပင်ကောက်မြို့နယ်မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အမျိုးသားတစ်ဦးက ပြောသည်။
BTZM GBK PDF သတ်ခဲ့သည့် အမျိုးသမီးသည် ခင်သီရိလွင်ဆိုသူဖြစ်သူ ၎င်း၏ အမျိုးသားဖြစ်သူ ကိုလင်းလင်းထိုက်က ၎င်းအမျိုးသမီးသည် မဟုတ်မမှန် စွပ်စွဲ သတ်ဖြတ်ခံရခြင်းဖြစ်ပြီး ရှင်ပြုခါနီးသားတစ်ယောက်၏ မိခင်ဖြစ်သည်ဟု လူမှုကွန်ရက်စာမျက်နှာ၌ မတ် ၁၃ရက်တွင် ရေးသားထားသည်။
“ ကျတော်တို့ ပဲ၊ စပါးလည်း တစ်ခါမှ မဝယ်ပါဘူး။ ကျတော်က ပန်းထိမ်ဆရာလုပ်တယ်။ အမျိုးသမီးက ရွှေဆိုင်ဖွင့်တယ်။ ဒီလုပ်ငန်းတစ်ခုပဲလုပ်တာပါ၊ ကြို့ပင်ကောက်တစ်မြို့လုံးနဲ့ ဆန်စက်ပိုင်ရှင်တွေကို မေးကြည့်ပါ၊ ဒါပေမဲ့ သူတို့ပြောတဲ့စကားတွေအရ ကျတော့်ယောက်ဖနဲ့ အမတွေရဲ့ ပြဿနာတွေရဲ့ ရောထွေးနေပြီး ကျတော့်ကို ချောက်ချတာ ဖြစ်နိုင်ပါတယ်။ ကျတော်တို့လင်မယားက ဘယ်သူ့အပေါ်မှ မတရားမလုပ်ပါဘူး။ သားလေးရှင်ပြုဖို့ သုံးရက်အလိုမှာ ကျတော့်မိန်းမ အသတ်ခံလိုက်ရတာ ” ဟု BTZM GBK PDF သတ်ခဲ့သည့် အမျိုးသမီး၏ ခင်ပွန်းဖြစ်သူ ကိုလင်းလင်းက MPA သို့ပြောသည်။
ထို့ပြင် ရွှေဆိုင်ပိုင်ရှင် အမျိုးသမီးကို သေနတ်ဖြင့် ပစ်သတ်ခြင်းသည် အာဏာသိမ်းစစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်နေသည့် တော်လှန်ရေးလုပ်ငန်းစဉ်မဟုတ်ဘဲ တော်လှန်ရေးနှင့် မသက်ဆိုင်သည့် ကိစ္စရပ်ကို လုပ်ဆောင်နေခြင်းသာဖြစ်သည်ဟု ကိုလူအေးက ထောက်ပြသည်။
“ ပြည်သူတွေက သူတို့ လူမှုရေးပြဿနာကို PDFတွေကို တိုင်တာရှိမယ်။ ဒါကို PDF က သေချာမိဘဲနဲ့ ဓားခုတ်ရာ လက်လျှိုတဲ့ သဘောဖြစ်ေနတယ်။ အခု ဖြစ်စဉ်ဆို တိုင်တဲ့သူတွေက မဟုတ်တာကို လိမ်ညာသွားတယ် ထားအုန်း၊ ဥပဒေအရ အရေးယူရမဲ့ ကိစ္စတွေဖြစ်တယ်။ ပြည်သူတွေ တိုင်တန်းတာနဲ့ လက်နက်အားကိုးပြီး တော်လှန်ရေးနဲ့ မသက်ဆိုင်တဲ့ အလုပ်တွေကို PDF က မလုပ်ရဘူး။ ပြည်သူတွေ တိုင်တိုင်း ပျူစောထီး၊ ဒလန်ဆိုပြီး လိုက်သတ်နေလို့မရဘူး ” ဟု ကိုလူအေးက မှတ်ချက်ပြုသည်။
BTZM GBK PDFကလည်း မခင်သီရိလွင်ကို သတ်ရခြင်းသည် သတင်းပေးတိုင်ကြားမှုများကြောင့်ဖြစ်ပြီး လေ့လာပြီးမှသာ အရေးယူခဲ့ခြင်းဖြစ်သည်ဟု BTZM GBK PDF တပ်ဖွဲ့မှူး ကိုတေဇမင်းက MPA ကိုပြောသည်။
“ ၂၀၂၂ ကတည်းက တိုင်ထားတာပါ၊ အဲ့ဒီအတွက် ကျတော်တို့ သေချာလေ့လာပြီးမှ ဆောင်ရွက်ခဲ့တာပါ၊ အရေးမယူခင် သတိပေးတာတွေတော့ မလုပ်ဆောင်ခဲ့ပါဘူး။ သူတို့လင်မယားက ပျူသင်တန်းတက်လား မတက်လား သေချာမသိပေမဲ့ ဒီလင်မယားက ပျူစောထီးအဖွဲ့ဝင်တွေပါ ” ဟု ၎င်းက ပြောသည်။
ပဲခူးတိုင်းအနောက်ခြမ်းရှိ တော်လှန်ရေးအဖွဲ့အစည်းအချို့သည် စစ်ကောင်စီကို တွန်းလှန်ရင်း စစ်ကောင်စီကဲ့သို့ ဖမ်းဆီး၊ သတ်ဖြတ်မှုများပြုလုပ်သည့်အပြင် ဖမ်းမိခဲ့သည့် ပြည်သူအချို့ကိုလည်း ဥပဒေအရေ အရေးယူဆောင်ရွက်ခြင်းမရှိဘဲ ထွက်ပြေးသည်ဆိုသည့် အကြောင်းပြချက်ဖြင့် ပစ်သတ်မှုများရှိနေကြောင်း သာယာ၀တီခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သတင်းနှင့် ပြန်ကြားရေးတာ၀န်ခံ ကိုလူအေးက ပြောသည်။
“ စစ်တပ်က ပြီးခဲ့တဲ့နှစ်က အုတ်ဖိုမြို့က သူနာပြုဆရာမလေးတစ်ယောက်ကို ဖမ်းဆီးနှိပ်စက်ပြီး ထွက်ပြေးဆိုတဲ့အကြောင်းပြချက်နဲ့ ပစ်သတ်လိုက်တယ်။ အခုလည်း တော်လှန်ရေးအဖွဲ့အချို့က ဖမ်းမိလာတဲ့သူတွေကို သတ်ပြီးမှ ထွက်ပြေးလို့ သတ်လိုက်တယ်ဆိုပြီး ထုတ်ပြန်ချက်တွေ ရေးတာ ခဏခဏပဲ၊ လူထုကလည်း ဒါကိုမယုံတော့ဘူး။ ဖမ်းမိထားတဲ့ ဘယ်သူ့ကိုမဆို ဥပဒေအတိုင်းအရေးယူရမှာ ” ဟု ကိုလူအေးက ပြောသည်။
ပဲခူးတိုင်းအနောက်ခြမ်းရှိ မြို့နယ်များတွင် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများအပြင် ပျူစောထီးနှင့် စစ်တပ်သတင်းပေးများကို ပစ်ခတ်ရှင်းလင်းမှုများအား တော်လှန်ရေးတပ်ဖွဲ့များက မကြာခဏပြုလုပ်လေ့ရှိသည်။
ထို့အတူ စစ်ကောင်စီကလည်း ပဲခူတိုင်းအနောက်ခြမ်းရှိ ပြည်သူများကို တော်လှန်ရေးတပ်ဖွဲ့များအား ကူညီပေးည်ဆိုသည့် ခေါင်းစဉ်ဖြင့် ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများကိုလည်း မကြာခဏ လုပ်ဆောင်နေခြင်းကြောင့် ပြည်သူများသည် အဖွဲ့အစည်းအားလုံးအား ကြောက်လန့်နေရကြောင်း ဒေသခံများက ဆိုသည်။