By Hlaing / MPA
ကချင်ပြည်နယ်၏ မြို့တော်မြစ်ကြီးနားတွင် လူသတ်မှူဖြစ်စဥ်များ ခပ်စိတ်စိတ်ဖြစ်ပွားနေကြောင်း ဒေသခံများနှင့် လူမှုကူညီရေးအသင်းများထံမှ သိရှိရသည်။
၂၀၂၅ ခုနှစ်၊ မတ် လေးရက်၊ နံနက် ခုနှစ်နာရီခွဲခန့်တွင် မြစ်ကြီးနားမြို့၊ အင်ဂျန်ဒုံရပ်ကွက်၊ ဆွမ်ပရာဘွမ်လမ်းမကြီးပေါ်ရှိ အ.ထ.က ၆ ကျောင်းရှေ့ အမှိုက်ပုံ၌ ပလက်စတစ်ဖြင့် ပတ်ထားသည့် အမည်မသိ အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြကြောင်း ဒေသခံများ ဆိုသည်။
“ မျက်နှာက ပျက်နေပြီ၊ အလောင်းတစ်ခုလုံးကို ပလတ်စတစ်နဲ့ ပတ်ချည်ထားပြီး အမှိုက်ပုံမှာလာပစ်ထားတဲ့ပုံစံပဲ၊ ကြိုးတွေနဲ့လည်း ချည်ထားတယ်။ အလောင်းကို မြစ်ကြီးနားဆေးရုံကို ယူသွားကြတယ်” ဟု မြစ်ကြီးနားမြို့ခံ အသက် ၂၅နှစ်အရွယ် အမျိုးသမီးတစ်ဦးက MPAသို့ ပြောသည်။
သေဆုံးသူမှာ အသက် ၄၅ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးဖြစ်ပြီး ရုပ်အလောင်းတွင် ရိုက်နှက်ခံထားရသည့် ဒဏ်ရာများကိုလည်း တွေ့ရှိရကာ၊ ရုပ်အလောင်းကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က မြစ်ကြီးနားပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ထားသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်၊ ည ခုနှစ်နာရီခွဲခန့်တွင်လည်း မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်၌ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဓားခုတ်ခံရပြီး နေရာတွင်ပင် သေဆုံးခဲ့သည့်ဖြစ်စဥ် ဖြစ်ပွားခဲ့သေးသည်။
“ ရဲတွေကလည်း တာဝန်မသိဘူး။ လောင်းကစားဝိုင်းတွေကလည်း တစ်နေ့ထက် တစ်နေ့ များလာတယ်။ အင်တာနက်ကလည်း အခုထိ ဖြတ်ခံထားရတယ်။ အလုပ်အကိုင်ရှားပါးလာတော့ ငွေရပေါက်ကို လူသတ်၊ လုယက်ပြီး အလွယ်တကူလုပ်နေကြတာ” ဟု မြစ်ကြီးနားမြို့၊ အောင်နန်းရပ်ကွက်နေ အမျိုးသားတစ်ဦးက ဆိုသည်။
ယခင်က မြစ်ကြီးနားမြို့တွင် လုယက်မှုဖြစ်ပွားသည့်နေရာများသည် လူအသွားအလာနည်းသည့် နေရာများတွင်သာ ဖြစ်ပွားသော်လည်း လက်ရှိ လူစည်ကားသည့်နေရာများ၌ပါ လုယက်မှုများ ဖြစ်ပေါ်နေကြောင်း ဒေသခံများက ဆိုသည်။
ထို့ပြင် ဖေဖော်ဝါရီ ၁၇ရက်ကလည်း မြစ်ကြီးနားမြို့၊ ရှမ်းစုတောင်ရပ်ကွက်၊ ကွန်ပျူတာတက္ကသိုလ်အနီး စားဖြင့်ခုတ်၍ ဆိုင်ကယ်လုယက်သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည့်အပြင် ဖေဖော်ဝါရီ ၁၄တွင်လည်း လယ်ကုန်းရပ်ကွက်၌ ဓားထိုးသည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး ဒေသခံတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
“ လမ်းမပေါ်လည်း ပေါ်ပေါ်ထင်ထင်ကို ဓားထောက်ပြီး လုယူနေကြတာ၊ ဂျာမိုင်ကောင်း၊ ကြက်ပေါင်ခြံ၊ ကျွန်းပင်တောဘက်တွေ ဆိုးတယ်။ အိမ်ရှင်မရှိတဲ့အိမ်ဆို တန်ဖိုးကြီးတာတွေ ပါကုန်တယ်။ မြစ်ကြီးနားက အခြေအနေဆိုးနေတာ ကြာပြီ၊ တစ်ခါတလေဆို အုပ်စုလိုက်တွေ လုကြတာ” ဟု အမည်မဖော်လိုသူ ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ သုံးရက်တွင်လည်း မြစ်ကြီးနားမြို့၊ ဂျာမိုင်ကောင်းရပ်ကွက်ရှိ အမျိုးသားတစ်ဦးအား ဓားဖြင့်ထောက်ကာ ဆိုင်ကယ်လုယူသည့် ဖြစ်စဥ်လည်း ဖြစ်ပွားခဲ့သည်။
“ လူငယ်တွေကြားထဲမှာ မူးယစ်ဆေးသုံးတာတွေ များလာတယ်။ ပြီးတော့ လောင်းကစားဝိုင်းတွေလည်း ပေါလာတယ်။ စစ်တပ်ကလည်း ဒါကို စိတ်မဝင်စားဘူး။ ရဲတွေကလည်း မသိသလို နေကြတယ်။ ရှေ့လျှောက် ပိုပိုပြီး ဆိုးလာဖို့ပဲရှိတယ်” ဟု မြစ်ကြီးနားမြို့ခံ အမျိုးသားတစ်ဦးက ဆိုသည်။
ယခုနှစ် (၂၀၂၅ ခုနှစ်) နှစ်ဆန်းပိုင်းမှစ၍ မြစ်ကြီးနားမြို့ပေါ်တွင် ပစ္စည်းလုယက်မှုများ ခပ်စိပ်စိပ်ဖြစ်ပွားလာနေပြီး အသတ်ခံရမှူဖြစ်စဥ်နှစ်ခုထိရှိနေပြီဖြစ်ကြောင်း လူမှုကူညီရေးအသင်းဝင်တစ်ဦးက ဆိုသည်။
စစ်ကောင်စီ အာဏာသိမ်းပြီးနောက် မြစ်ကြီးနားမြို့တွင် တရားဥပဒေစိုးမိုးမှု ပျက်ပြားနေပြီး လူသတ်၊ လုယက်မှုများ၊ ခိုးမှုများနှင့် သေမှုသေခင်းများ မကြာခဏဖြစ်ပွားလျက်ရှိသော်လည်း အရေးယူနိုင်ခြင်းမရှိသည့်အပေါ် ဒေသခံများကလည်း ဝေဖန်လျက်ရှိနေသည်။