By Zwe Ko / MPA
ပဲခူးတိုင်းအရှေ့ခြမ်း၊ တောင်ငူမြို့နယ်နှင့် ရေတာရှည်မြို့နယ်အပိုင် ပဲခူးရိုးအတွင်း တော်လှန်ရေးတပ်ဖွဲ့အချို့က သစ်ခိုးထုတ်မှုများရှိနေကြောင်း ဒေသခံများနှင့် တော်လှန်ရေးရဲဘော်များထံမှ စုံစမ်းသိရှိရသည်။
ထိုကဲ့သို့ သစ်ခိုးထုတ်ရာတွင် တော်လှန်ရေးတပ်ဖွဲ့များကိုယ်တိုင် ပြုလုပ်သလို၊ သစ်ကုန်သည်များကိုလည်း လိုင်းကြေးယူ၍ သစ်ထုတ်လုပ်ခွင့်ပြုထားခြင်းဖြစ်ကြောင်း ပဲခူးရိုးမအတွင်းစစ်ရေးလှုပ်ရှားမှုများပြုလုပ်နေသည့် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
“ အခုနွေရာသီဆိုတော့ သစ်ကို နေ့စဉ်ကားတွေနဲ့ သယ်ထုတ်နေတာ၊ တစ်နေ့ကို ကားအစီးရေ ၆၀ထက်မနည်း သစ်တွေ တိုက်နေတာကိုတွေ့ရတယ်။ အဓိက သစ်ထုတ်နေတာက တောင်ပိုင်းတိုင်းစစ်ဒေသ ၂၊ တပ်ရင်း ၃၅၀၁က တပ်ခွဲ ၁၊ ၅နဲ့ ၆ တွေလုပ်နေတာ ” ဟု ၎င်းက ပြောသည်။
ထိုကဲ့သို့ သစ်ထုတ်လုပ်မှုကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) သယံဇာတနှင့် သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက ခွင့်ပြုပေးသည်ဟု ဆိုသည့်အတွက် အခြားသောတော်လှန်ရေးအဖွဲ့အစည်းများသည် တားမြစ်၍ မရဖြစ်နေကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
“ တောထဲမှာ သစ်ခွဲစက်တွေထားပြီး သစ်ထုတ်နေတာ၊ တောင်ငူမြို့နယ်အပိုင် ရိုးမထဲမှာ သစ်စက် အလုံး ၅၀ ကျော်တယ်။ ရေတာရှည်ဘက်မှာက အဲ့ဒီထက်ပိုများတယ်။ ကျတော်တို့လည်း သွားပြောလို့မရဘူး။ သူတို့ကို NUG က ခွင့်ပြုပေးထားတယ်ဆိုပြီး ပြောနေတယ် ” ဟု ၎င်းက ပြောသည်။
တောင်ပိုင်းတိုင်းစစ်ဒေသ၂၊ တပ်ရင်း၃၅၀၁ တပ်ခွဲ ၁မှ ရဲဘော်များသည် သစ်ထုတ်လုပ်မှုအား ရပ်နားထားပြီး တပ်ခွဲ ၅နှင့် တပ်ခွဲ ၆မှ ရဲဘော်များသည် အဓိက ထုတ်လုပ်နေကြောင်း တပ်ရင်း ၃၅၀၁မှ တော်လှန်ရေးရဲ ဘော်တစ်ဦးက MPA ကို ပြောသည်။
“ တပ်ခွဲ ၆က စာထုတ်ထားတယ်။ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အပိုင်း ရိုးမအတွင်း သစ်ထုတ်လုပ်မှုကို NUG သယံဇာတဝန်ကြီးဌာနနဲ့ စစ်ဒေသ ၂ရဲ့ လမ်းညွှန်ခွင့်ပြုချက်နဲ့ ထုတ်နေတာပေါ့၊ အဲ့ဒါကို ကျန်တဲ့ တပ်ဖွဲ့တွေက ဟန့်တား နှောင့်ယှက်တာတို့၊ သစ်ကုန်သည်တွေဆီကနေ ငွေကြေးအလှူခံတာတွေမလုပ်ဖို့ စာထုတ်ထားတာ ” ဟု ၎င်းက ဆိုသည်။

တော်လှန်ရေးတပ်ဖွဲ့များ စိုးမိုးထားသည့် ပဲခူးရိုးမအတွင်း သစ်ထုတ်လုပ်ပါက တော်လှန်ရေးတပ်ဖွဲ့များကို အခွန်ပေးဆောင်ရသည့်အပြင် လမ်းကြောင်းတလျှောက်ရှိ စစ်ကောင်စီတပ်ဖွဲ့များကိုလည်း ဂိတ်ပြေးနှင့် အခွန်ပေးရကြောင်း တောင်ငူခရိုင်အတွင်းရှိ အမည်မဖော်လို့သည့် သစ်ကုန်သည်တစ်ဦးက ပြောသည်။
“ ၂၀၂၂ခုနှစ်ကစပြီးတော့ သစ်ထုတ်လို့ရတယ်။ PDFတွေကို လိုင်းကြေးပေးရတယ်။ ဂိတ်တွေလည်းရှိတယ်။ အဲ့ဒီဂိတ်တွေကိုလည်း ပိုက်ဆံပေးရတယ်။ အောက်ဘက်မှာက စစ်တပ်ဂိတ်တွေရှိတယ်။ သူတို့ကိုလည်း ပိုက်ဆံပေးရတယ်။ ဂိတ်တစ်ခုကို အနည်းဆုံး နှစ်သိန်းပေးရတယ် ” ဟု ၎င်းက ဆိုသည်။
စစ်တပ်အာဏာမသိမ်းမီက NLD အစိုးရလက်ထက်က ပဲခူးရိုးမအတွင်း သစ်ထုတ်လုပ်ခွင့်ကို ၁၀ နှစ်ပိတ်ထားခဲ့သော်လည်း သစ်ခိုးထုတ်မှုများရှိခဲ့ပြီး လက်ရှိ သစ်ခိုးထုတ်မှုများ ပိုမိုများပြားလာကြောင်း တောင်ငူမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“ စစ်ကောင်စီ အာဏာသိမ်းစက စစ်တပ်က သစ်တွေကို ထုတ်ချင်တိုင်းထုတ်တယ်။ နောက်တော်လှန်ရေးတပ်ဖွဲ့တွေ ရိုးမကို စိုးမိုးတော့လည်း သစ်က ထုတ်နေတာပါပဲ၊ အခုဆို သစ်ကမရှိသလောက်ရှားနေပြီ၊ အဲ့ဒါကြောင့်လည်း ရေကြီး၊ ရေလျှံတာတွေ ပိုဖြစ်လာတာ ” ဟု တောင်ငူမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
ယခုကဲ့သို့ ပဲခူးရိုးမအတွင်း သစ်ထုတ်လုပ်နေမှုနှင့် ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိူ ဦးနေဘုန်းလတ်နှင့် တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၆ကို ဆက်သွယ်မြေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားမှု မရှိသေးပေ။
ကမ္ဘာပေါ်တွင် သစ်တောပြုန်းတီးမှုကြောင့် ရေတိုက်စားမှု၊ လေတိုက်စားမှုနှင့် မြေဆီလွှာဖြစ်ထွန်းမှု၊ မြေဆားပေါက်မှုတို့ဖြစ်ပေါ်ကာ မြေအတန်းအစားကျဆင်းလာသည့် ပြဿနာများ ပိုမိုဖြစ်ပေါ်လာသည်ဟု NUG သယံဇာတနှင့် သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာတူးဆောင်က ၂၀၂၄ခုနှစ်တွင် ကျရောက်ခဲ့သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့၌ ပြောကြားထားသော်လည်း ၎င်းတို့လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့များက သစ်ထုတ်လုပ်မှုများကို ဆက်လက်ပြုလုပ်လျက်ရှိနေသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ကိုယ်တိုင်သစ်ထုတ်နေသည့် ၃၈၀၁ တပ်ရင်းမှ တပ်ရင်းမှူး ဗိုလ်မိုးကြိုးကြီးနှင့် တပ်ရင်း ၃၇၀၁ မှ ဒုတပ်ရင်းမှူး ငြိမ်းချမ်းအောင်တို့သည် တော်လှန်ရေးရဲဘော် ကိုပိုင်အပါအဝင် ကိုးဦးသည် ပဲခူးရိုးမအတွင်း သစ်ထုတ်နေသည်ဟုဆိုကာ ဖမ်းဆီးခဲ့ပြီး ရဲဘော်ကိုပိုင်ကို သတ်ဖြတ်လိုက်ကြောင်း သတင်းများထွက်ပေါ်ခဲ့သေးသည်။
ထိုကဲ့သို့ ရဲဘော်ကိုပိုင်နှင့် အဖွဲ့ကို ကို ဖမ်းဆီးရခြင်းနှင့် ပတ်သက်ပြီး တပ်ရင်း ၃၈၀၁ ၏ ထုတ်ပြန်ချက်တွင် ၎င်းတို့သည် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖွဲ့စည်းပြီး ရေလုပ်ငန်း၊ သစ်လုပ်ငန်း လုပ်ကိုင်သူများကို ဆက်ကြေးတောင်းခံပြီး ပြည်သူများကိုလည်း ဖမ်းဆီးသတ်ဖြတ်ခြင်းများလုပ်ဆောင်သည့်အပြင် တော်လှန်ရေးရဲဘော်များ၏ လက်နက်သယ်ဆောင်လမ်းကြောင်းများကို စစ်ကောင်စီထံသတင်းပေးနေခြင်းကြောင့် စစ်ဥပဒေအတိုင်း အရေးယူထားခြင်းဖြစ်သည်ဟု ဆိုထားသည်။
စာတည်း-ကိုဆန်း