By Hlaing / MPA
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင်ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည့် ဒေသခံများ၏ နေအိမ်များ ဖောက်ထွင်းခံနေရကြေင်း စုံစမ်းသိရှိရသည်။
ဗန်းမော်မြို့တွင် ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာ လေးရက်မှ လက်ရှိ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ရက်ထိ စစ်ကောင်စီနှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့အကး တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားမှုကြောင့် ပြည်သူတစ်သိန်းကျော်သည် အိုးအိမ်များကို စွန့်ခွာကာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရခြင်းဖြစ်ပြီး လူမရှိသည့်နေအိမ်များကို လုယက်သူများက အုပ်စုဖွဲ့၍ ဖောက်ထွင်းခိုးယူမှုများပြုလုပ်နေခြင်းလည်းဖြစ်သည်။
“ ရိုးကြီးရပ်ကွက်မှာဆို ခိုးယူတာတင်မဟုတ်တော့ဘူး။ ပေါ်တင်ကို ယူနေတာ၊ အိမ်တံခါးဘောင်ကအစ ဖြုတ်ယူတယ်။ သူတို့အတွက် အသုံးမလိုတဲ့ စာရွက်စာတမ်းတွေဆို ဖျက်ဆီးခဲ့တာ ” ဟု အသက် ၃၀ အရွယ် အမည်မဖော်လိုသည့် ဗန်းမော်ဒေသခံ အမျိုးသားတစ်ဦးက MPA သို့ပြောသည်။
ဗန်းမော်မြို့သိမ်းတိုက်ပွဲ စတင်ဖြစ်ပွားခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလလယ်မှစ၍ ဖုန်းဆိုင်၊ စတိုးဆိုင်၊ ကုန်စုံဆိုင်များနှင့် နေအိမ်ဖောက်ထွင်းခိုးယူမှုများ ရှိနေခဲ့သော်လည်း လက်ရှိ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလဆန်းပိုင်း၌ ပိုမိုဆိုးရွာလာခြင်းဖြစ်ကြောင်း သိရသည်။
“ တောမီးလောင်လို့ တောင်ကြောင်လက်ခမောင်းခက်နေကြတာ၊ တိုက်ပွဲစဖြစ်ကတည်းက လူမရှိတဲ့ စတိုးဆိုင်တွေထဲက ယူတာ။ ဖုန်းဆိုင်တွေလည်း ဖောက်ခံရတယ်။ အိမ် မီးရှို့ခံတာထက် အခိုးခံရမှာ ပိုစိတ်ပူနေရသလိုပဲ၊ အိမ်ပြန်ရင်တော့ ဘာမှကျန်မှာမဟုတ်တော့ဘူး” ဟု ယမန်နှစ် ဒီဇင်ဘာလက မန္တလေးမြို့သို့ စစ်ရှောင်လာသည့် အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။
လက်ရှိ ဗန်းမော်မြို့မှ စစ်ဘေးရှောင်လာသည့် ပြည်သူ တစ်သိန်းကျော်သည် လိုင်ဇာ၊ မန္တလေးနှင့် ရွှေကူမြို့များသို့ စစ်ရှောင်နေကြပြီး ဗန်းမော်မြို့အတွင်း၌ ပိတ်မနေသေးသည့် ပြည်သူများလည်းရှိသေးသည်။
ထို့ပြင် ဗန်းမော်မြို့အတွင်း ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြစ်သည့် ရိုးကြီး၊ မင်းကုန်းနှင့် ဟန်တဲရပ်ကွက်များ၌ ဖောက်ထွင်းခိုးယူမှု အများဆုံးဖြစ်ပြီး ၎င်းတို့ကို ဖမ်းဆီးမည့်သူမရှိသဖြင့် ဖောက်ထွင်းမှုများ ပိုမိုဆိုးရွားနေခြင်းဖြစ်သည်ဟု စစ်ဘေးရှောင်များက ဆိုသည်။
“ တိုက်ပွဲအခြေအနေက မြို့ထဲကို ပြန်ဝင်လို့မရသေးဘူး။ မြို့ထဲမှာ ကျန်ခဲ့တဲ့ အသိတွေကနေ ပြန်ကြားရတာ၊ တချို့ဆို ပျဉ်ကို အချပ်လိုက်ခွာယူသွားတာလို့ ပြောတယ်။ တိုက်ပွဲဖြစ်နေတာဆိုတော့ အရေးယူနိုင်တာလည်းမရှိဘူး။ အခုက ခိုးတဲ့သူတွေကို ပြန်ကြောက်နေရတာ ” ဟု ဗန်းမော်မြို့၊ အောင်ပြည်သာကျေးရွာမှ စစ်ရှောင်အမျိုးသားတစ်ဦးက ပြောသည်။
ဗန်းမော်မြို့တိုက်ပွဲအတွင်း နှစ်ဖက်တပ်များ အပြန်အလှန်ပစ်ခတ်မှုနှင့် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်များ၊ စျေးနှင့် စာသင်ကျောင်းများ ထိခိုက်ပျက်စီးမှုအပြင် အရပ်သားသေဆုံးမှုများလည်းရှိနေသည်။
ဗန်းမော်မြို့သိမ်း တိုက်ပွဲကာလ နှစ်လကျော်အတွင်း KIA က စစ်ကောင်စီ၏ အမှတ် ၇၀၀၆ သံချပ်ကာတပ်ရင်း၊ အမှတ် ၃၆၆ အမြောက်တပ်ရင်း(အမတ – ၃၆၆)၊ သံချပ်ကားခုနှစ်စီး၊ ဗန်းမော်လေယာဥ်ကွင်း၊ အမှတ် ၅၀၁၄ တင့်ကားတပ်ရင်း(တကရ – ၅၀၁၄)နှင့် ခလရ ၂၃၆ တို့ကို သိမ်းပိုက်ထားနိုင်ပြီး ကျန်ရှိသည့် တပ်ရင်းများကို ဆက်လက်ထိုးစစ်ဆင်လျက်ရှိသည်။
ဗန်းမော်မြို့သည် KIO ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့၊ တရုတ်နယ်စပ်ဂိတ်တည်ရှိရာ လွယ်ဂျယ်မြို့၊ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မဘိမ်းမြို့၊ ပြည်ထောင်စုလမ်းမကြီးနှင့် ဆက်သွယ်ထားသည့် မြစ်ကြီးနားမြို့အပြင် မန္တလေးမြို့နှင့် စစ်ကိုင်းမြို့သို့လည်း ကုန်းလမ်း၊ ရေလမ်းတို့ဖြင့် သွားလာနိုင်သည့် ခရိုင်မြို့တစ်ခုလည်း ဖြစ်သည်။