By Sayar Ngaat / MPA
မြန်မာနိုင်ငံတွင် လူကုန်ကူးခံခဲ့ရသည့် နိုင်ငံခြားသားများကို ထိုင်းနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်နှင့် စစ်ကောင်စီဘက်က တာဝန်ရှိသည့် နှစ်ဖက်အာဏာပိုင်များက လုံခြုံရေးတင်းကျပ်အနေအထားဖြင့်ထိုင်းနိုင်ငံသို့ ပြန်ပို့ခဲ့ကြောင်း သိရသည်။
၂၀၂၅ခုနှစ်၊ ယနေ့(ဖေဖော်ဝါရီလ၆ရက်)၊ မွန်းလွဲပိုင်းက မြဝတီမြို့အတွင်းရှိ ကျားဖြန့်ဂိုဏ်းများတွင် လူကုန်ကူးခံခဲ့ရသည့် နိုင်ငံခြားသား ၆၁ ဦးကို မဲဆောက်၊ အမှတ် (၂) ချစ်ကြည်ရေးတံတားမှ တဆင့် ထိုင်းနိုင်ငံဘက်သို့ ပြန်လည် ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။
” ကနဦး ၆၁ဦးကို ပြန်ပို့ဖို့ စီစဉ်ထားတယ်။ ဒီဘက်က သက်ဆိုင်ရာအစိုးရဘက်ကလည်း သက်ဆိုင်ရာလိုအပ်တဲ့ စစ်ဆေးမှုတွေ စာရွက်စာတမ်းကိစ္စတွေ လုပ်ပြီးသွားပြီ၊ တောက်လျောက်ပို့တော့မှာ။ လူဦးရေက တစ်လကို တစ်ထောင်လောက်ပို့ဖို့စီစဉ်ထားတယ် ” ဟု နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးနိုင်မောင်ဇော်က ပြည်တွင်းမီဒီယာတချို့တွင် ပြောကြားထားသည်။
ထိုင်းနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့သည့် နိုင်ငံခြားသား (၆၁)ဦးတွင် တရုတ်နိုင်ငံသား(၃၉)ဦး၊ အိန္ဒိယနိုင်ငံသား(၁၃)ဦး၊ ပါကစ္စတန်နိုင်ငံသား တစ်ဦး၊ အီသီယိုးပီးယားနိုင်ငံသား တစ်ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ငါးဦး၊ မလေးရှားနိုင်ငံသား တစ်ဦးနှင့် တာဂျစ်စတန်နိုင်ငံသား တစ်ဦးတို့ဖြစ်ပြီး အဆိုပါ ပြန်လည်ပို့ဆောင်ခဲ့သူများအတွင်း အမျိုးသမီး ခုနှစ်ဦးပါဝင်ကြောင်း သိရသည်။
ထို့ပြင် လူကုန်ကူးမှုအပါအဝင် ကရင်ပြည်နယ် နယ်စပ်ဒေသများတွင် မသမာမှုပြုခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ ကလေးလုပ်သားအသုံးပြုခြင်း၊ မူးယစ်ဆေးဝါးရောင်းချသုံးစွဲခြင်း၊ လိမ်လည်လှည့်ဖျားခြင်း အစရှိသည်များကို လုံးဝလက်မခံဘဲ ဖော်ထုတ်ဖမ်းဆီးလျက်ရှိသည့်အပြင် လုပ်ငန်းပိတ်သိမ်း၍ သက်ဆိုင်ရာသို့ အပ်နှံနေကြောင်း BGF က ယနေ့ (ဖေဖော်ဝါရီလ ၆ရက်) ထုတ်ပြန်ထားသည်။
နယ်ခြားစောင့်တပ်ဖွဲ့ BGFသည် လူကုန်ကူးခံရသည့်ဖြစ်စဉ်များအား နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဖော်ထုတ်ပြီး၂၀၂၃ ခုနှစ်မှ ယနေ့အထိ လူကုန်ကူးခံရသူ ၂၀၀၀ ကျော်ကို သက်ဆိုင်ရာ နိုင်ငံများအလိုက် နေရပ်ပြန်ပို့ခဲ့ကြောင်း ယင်းထုတ်ပြန်ချက်၌ ဖော်ပြထားသေးသည်။
“ အခုဖြစ်စဉ်မှာ BGF ကလဲ သူတို့ လူကုန်ကူးတာမဟုတ်ဘူး။ စစ်ကောင်စီကလဲ သူတို့လုပ်တာမဟုတ်ဘူး။ ထိုင်းဘက်ကလဲ သူတို့မဟုတ်ဘူး ငြင်းနေတယ်။ အဲ့ဒီတော့ ကျတော်တို့ ပြည်သူတွေက ကျားဖြန့်ဂိုဏ်းတွေဖွဲ့ပြီး လူကုန်ကူးနေကြတာလား၊ အတော်တော့ ရယ်ဖို့ကောင်းတယ် ” ဟု ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ တိမ်းရှောင်လာသည့် အသက် ၄၀အရွယ် အမျိုးသားတစ်ဦးက ပြောသစည်။
လက်ရှိတွင် နယ်ခြားစောင့်တပ်ဖွဲ့ BGF ဌာနချုပ်ရှိရာ၊ ရွှေကုက္ကိုလ်ဒေသကို ထိုင်းနိုင်ငံအစိုးဘက်က ယမန်နေ့ (ဖေဖော်ဝါရီ ငါးရက်)၊ နံနက်ပိုင်းမှစတင်ကာ လျှပ်စစ်မီးများဖြတ်တောက်ခဲ့ပြီးနောက် ယခုကဲ့သို့ လူကုန်ကူးခံရသူများကို BGF က ထိုင်းနိုင်ငံဘက်သို့ လွှဲပြောင်းမှုများ ပြုလုပ်ပေးခဲ့ခြင်းလည်းဖြစ်သည်။
” မနေ့က(ဖေဖော်ဝါရီလ ၅ရက်) စပြီး မြဝတီဘက်မှာ မီးဖြတ်ထားတယ်၊ မီးဖြတ်ထားပေမဲ့ ကျားဖြန့်တွေရှိတဲ့ ရွှေကုက္ကိုလ်ဘက်တွေမှာတော့ မီးက တော့ လင်းနေတာပဲ၊ ဘာမှ မထူးခြားဘူး၊ မြဝတီဘက်က ပြည်သူတွေပဲ ရေကအစ အခက်အခဲ ဖြစ်နေတယ်။ ကျားဖြန့် တွေမှာ အဓိက တရားခံကို မဖမ်းဘဲနဲ့တော့ အဲဒီအလုပ်တွေ ပျောက်သွားမှာ မဟုတ်ပါဘူး ” ဟု မြဝတီမြို့ခံ ပြည်သူတစ်ဦးက မှတ်ချက်ပြု ပြောသည်။
ယင်းကဲ့သို့ လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို ပြန်ပို့မည့်အစီအစဉ်အတွက် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်သည် မဲဆောက်မြို့သို့ ရောက်ရှိနေခြင်းကြောင့် မြို့တွင်းနှင့် မြို့ပြင်တွင် လုံခြုံရေးအင်အားအများအပြားချထားသဖြင့် နိုင်ငံရေး တက်ကြွလှုပ်ရှားမှုများကြောင့် မဲဆာက်မြို့သို့ ထွက်ပြေးတိမ်းရှောင်နေရသည့် အထောက်အထားမဲ့ မြန်မာနိုင်ငံသားများအခက်ကြုံနေ ရကြောင်းလည်း သိရသည်။
” မနက်ကတည်းက စစ်ကားတွေ မြို့ထဲမှာ ပတ်နေတယ်။ နောက်ပြီး ဂိတ်ပုံမှန်ချနေတဲ့ နေရာတ တင်မကဘဲ၊ ပွိုင့်တစ်ခုခုတိုင်းမှာလည်း ရဲရော၊ စစ်သားတွေရော လုံခြုံရေး အင်အားချထားတာတွေရှိတယ်။ အဲဒီတော့ အထောက် အထားမရှိတဲ့သူတွေဆို ဘယ်မှ မထွက်ရဲဘူး၊ ကျတော့်မှာ အလုပ်သမားကတ် လျှောက်ထားတာ အမည်စာရင်း ရှိနေတာတောင်မှဘဲ စစ်ဆေးရေးကြမ်းနေတော့ ဘယ်မှ သိပ်မထွက်ရဲဘူး “ ဟု မဲဆာက်မြို့သို့ ထွက်ပြေးတိမ်းရှောင်လာသည့် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတစ်ဦးက ပြောသည်။
ယနေ့ (ဖေဖော်ဝါရီလ ၆ရက်)၊ နံနက်တစ်နာရီဝန်းကျင်က ထိုင်းနိုင်ငံ၊ တပ်ခရိုင်၊ မဲဆောက်မြို့နယ်အတွင်းတွင် ပြောင်းဖူးစေ့သယ်လာသည့်ကားအတွင်း ပုန်းပြီးလိုက်ပါလာခဲ့သည့် တရားမဝင် မြန်မာ ရှစ်ဦးကို ထိုင်းနယ်ခြားစောင့်တပ်၊ ရဲတပ်ဖွဲ့နှင့် ဒေသဆိုင်ရာအာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း သိရသည်။
လက်ရှိ ထိုင်းမြန်မာနယ်စပ်တစ်လျှောက်တွင် ငွေကြေးလိမ်လည်မှုများပြုလုပ်နေသည့် ကျားဖြန့်လုပ်ငန်းများကို နှိမ်နင်းရန်အတွက် ထိုင်းအစိုးရ အာဏာပိုင်များက စီမံချက်များ သတ်မှတ်ပြီး စစ်ဆေးမှုများကို တင်းကျပ်နေခြင်းကြောင့် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသူများနှင့် အထောက်ထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများသည် မကြာခဏ ဖမ်းဆီးခံနေကြရသည်။
စာတည်း – ကိုဆန်း