By Nway / MPA
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ဆင်တဲအခြေစိုက် အမှတ်သုံးကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ သုံး)၊ ဘဏ္ဍာရေးဌာနမှ တပ်ရေးဗိုလ်တစ်ဦး ငွေသိန်းထောင်ချီယူပြီး ထွက်ပြေးသွားကြောင်း သိရသည်။
ယင်းတပ်ရေးဗိုလ်သည် ကပစ ဝန်ထမ်းများ၏ လစာကို ယူကာ ဇန်နဝါရီနှစ်ရက်တွင် ဆင်တဲကပစမှ ထွက်ပြေးသွားခြင်းဖြစ်ကြောင်း ပြည်မြို့အခြေစိုက် စစ်ကောင်စီသတင်းရင်းမြစ်ထံက သိရသည်။
“ သူ့ဟာသူ ပြေးတာဆို ဘယ်သူမှလိုက်မဖမ်းပါဘူး။ သူက ငွေကိုင်ရတာလေ။ ကပစ တစ်ခုလုံးရဲ့ လစာကို သူထုတ်ပေးရတာ။ ငွေတွေယူပြီးထွက်ပြေးတော့ သူ့ကိုမှ ပြန်မတွေ့ရင် ဒီလတော့ ကပစတခုလုံး လစာမရတော့ဘူးပေါ့” ဟု ၎င်းက MPA ကို ပြောသည်။
ယင်းတပ်ရေးဗိုလ်ကို ဆင်တဲကပစသုံးရှိ စစ်သားများက လိုက်လံရှာဖွေနေကြပြီး ဆင်တဲရွာအတွင်း ဧည့်စာရင်းစစ်ခြင်းများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
“ ဧည့်စာရင်းစစ်တာက အဲဒါကြောင့်ပါ။ မီးတွေလည်း ဖြတ်၊တစ်ညလုံး ကင်းပတ်ပြီးရှာနေတာ။ မတွေ့သေးဘူး” ဟု ၎င်းကပြောသည်။
ဒီဇင်ဘာ လဆန်းပိုင်းကလည်း ယင်းကပစမှ ဗိုလ်အဆင့်ရှိသူတစ်ဦး အရပ်ဝတ်ဖြင့် သွားလာစဉ် ဧရာဝတီမြစ်ကူး နဝဒေးတံတား ပြည်မြို့အဝင်ဘက်ခြမ်း စစ်ဆေးရေးဂိတ်ရှိ ရဲများက ပေါ်တာဆွဲခဲ့သောကြောင့် ကပစမှူးကိုယ်တိုင် လိုက်ထုတ်ခဲ့ရသေးသည်။
ဆင်တဲကပစ သုံးသည် ပြည်မြို့၏ တစ်ဖက်ကမ်းတွင် တည်ရှိသည်။