By Zwe Ko /MPA
ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ မိုင် ၄၀ ကျေးရွာမှ အသက်ခုနှစ်နှစ်အရွယ် မိန်းကလေးနှင့် အသက် ငါးနှစ်အရွယ် ယောင်္ကျားလေး မောင်နှမ နှစ်ဦးကို အသက် ၁၆နှစ်အရွယ် အမျိုးသားတစ်ဦးက တောထဲသို့ခေါ်ဆောင်ပြီး အမဖြစ်သူကို အဓ္ဓမပြုကျင့် သတ်ပစ်ကာ၊ မောင်ဖြစ်သူကိုလည်း မေ့မြောသည်အထိ ရိုက်နှက်ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ်၊ အောက်တိုဘာ ၁၅ရက်က အထက်ပါကလေးငယ်နှစ်ဦး၏ မိဘများမရှိချိန် အသက် ၁၆နှစ်အရွယ်လူငယ်က နေအိမ်သို့ရောက်လာပြီး မိုင် ၄၀ကျေးရွာ မြောက်ဘက်တောထဲသို့ခေါ်ဆောင်ခဲ့ပြီး အဓ္ဓမပြုကျင့် သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ကလေးငယ်နှင့် ဆွေမျိုးနီးစပ်သူတစ်ဦးက ပြောသည်။
“မိဘတွေပြန်လာတော့မောင်နှမ နှစ်ယောက်လုံး အိမ်မှာမရှိတော့ဘူး။ အဲ့ဒါလိုက်ရှာတာ မတွေ့ဘူး။ နောက်နေ့မနက်မှ ရွာက လူတွေတောထဲသွားရင်းတွေ့တာ ၊ ကောင်လေးက ဒဏ်ရာတွေနဲ့ ကောင်မလေးက သေနေပြီ၊ မိန်းမကိုယ်ကလည်းသွေးတွေထွက်နေတယ်။ ခေါင်းမှာလည်းသွေးတွေနဲ့”ဟု ၎င်းကပြောသည်။
ကလေးငယ်နှစ်ဦးအား ခေါ်ဆောင်ခဲ့သူသည် မိသားစုနှင့် ရင်းနှီးသူဖြစ်ပြီး နေအိမ်သို့ အဝင်အထွက်အမြဲရှိသည့် လူငယ်ဖြစ်ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
“ငါးနှစ်အရွယ်ကလေးလေးက မသေလို့ ပြန်ပြောပြနိုင်လို့သိတာ၊ နောက်မဆိုမသိဘူး။ ဘာလို့လဲဆို အဲ့ဒီကောင် လေး က ရင်းနှီးနေတော့ အခုလိုလုပ်မယ်လို့ ထင်မထားဘူးလေ၊ ရဲတွေတော့ အောက်တိုဘာ ၁၆ရက်နေ့မှာ ကောင်လေးကိုလာဖမ်းသွားပါပြီ”ဟု ဖြစ်စဉ်ကို သိရှိသူ အမျိုးသမီးတစ်ဦးက ပြောသည်။
ထို့ပြင် မောင်နှမ နှစ်ယောက်အနက် အသက်ရှင်လျက်ပြန်လည်တွေ့ရှိသည့် ငါးနှစ်အရွယ်ကလေးငယ်တွင်လည်း ဒဏ်ရာများစွာတွေ့ရှိရကြောင်း မိုင် ၄၀ကျေးရွာမှာ အသက် ၄၀အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
“ကလေးမလေးကတော့ လည်းပင်းဖြစ်သတ်ထားတာရော၊ ခေါင်းတွေလည်းအထုခံထားရတယ်။ ငါးနှစ်ကလေးလည်း အဲဒီလိုပဲ အထုခံအရိုက်ခံထားရတာ၊ ငါးနှစ်ကလေးကို သေပြီဆိုပြီးထားခဲ့တာ၊ သတိရလာပြီးတောထဲမှာ တစ်ညအိပ်ရတာ၊ တောင်ကျရေတွေကျနေတော့ ကလေးက မပြန်ရဲဘူးလေ ၊ ပြန်ရင်လည်း ရေနောက်ပါသွားမှာ ”ဟု ၎င်းက ပြောသည်။
အဓမ္မပြုကျင့်ခံရပြီး သေဆုံးသွားသည့် ခုနှစ်နှစ်အရွယ် မိန်းကလေးငယ်အား ပြီးခဲ့သည့် အောက်တိုဘာ ၁၇ရက်နေ့က သင်္ဂြိုဟ်ခဲ့ပြီး ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည့် ငါးနှစ်အရွယ် ကလေးငယ်ကို နေပြည်တော် ကုတင် ၁၀၀ဆေးရုံသို့ပို့ဆောင်၍ ဆေးကုသထားကြောင်း သိရသည်။
အထက်ပါ ကိစ္စများကို ကျူးလွန်ခဲ့သည့် လူငယ်သည် လူသတ်မှုနှင့် အဓ္ဓမှုများကျူးလွန်ထားသော်လည်း အသက်မပြည့်သေးသည့်အတွက် မည်ကဲ့သို့ ဆုံးဖြတ်မည်ကို မသိရှိရသေးကြောင်း ဒေသခံများက ဆိုသည်။
ပြီးခဲ့သည့် ဩဂုတ်လကလည်း တောင်ငူခရိုင် အုတ်တွင်းမြို့နယ်တွင် အသက်ငါးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို မွေးစားဖခင်က အဓ္ဓမပြုကျင့်ခဲ့သလို မွေးစားမိခင်ကလည်း ကလေးငယ်အား ဓားဖြင့်ခုတ်ခြင်း၊ လက်များအား မီးရှို့ခြင်းနှင့် ရေနွေးပူလောင်းခြင်းများပြုလုပ်ခဲသည့် လင်မယားနှစ်ဦးကို ဖမ်းဆီးကာ အမှုဖွင့်ထားကြောင်းလည်း သိရသည်။
တောင်ငူခရိုင်အတွင်း အဓ္ဓပြုကျင့်သည့် ကိစ္စများသည် မကြာခဏဖြစ်ပေါ်လေ့ရှိပြီး အချင်းချင်းညှိနှိုင်းကာ ပြေလည်သွားသည့် အမှုအခင်းများလည်းရှိပြီး ကူညီမည့်သူမရှိသည့်အတွက် ဒီတိုင်းထားထားရသည့် ဖြစ်စဉ်များလည်းရှိကြောင်း အသက် ၄၅နှစ်အရွယ် ဒေသခံတစ်ဦးကပြောသည်။