By Ra Wai / MPA
မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းက ပြည်သူ ၃၀ ဝန်းကျင်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားကြောင်းသိရသည်။
ဇွန် ရှစ်ရက်နေ့က ရေစကြိုမြို့ပေါ်မှ ထွက်လာသော စစ်ကောင်စီစစ်ကြောင်းသည် ဇွန် ကိုးရက်နေ့၌ ကုတို့စုရွာသို့ဝင်ကာ ဒေသခံများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။
” ရှစ်ရက်နေ့က စထွက်လာတာ။ ညကို ဇီးတောမှာ အိပ်ပြီး ကိုးရက်နေ့မနက်မှာ မအူဘက်ကို ထွက်လာတာ။ မအူ၊ ကုတို့စုက ပြည်သူတွေ။ အမျိုးသမီးတွေရော အမျိုးသားတွေရောပါတယ်” ရေစကြိုမြို့နယ်ပကဖ၊ သတင်းပြန်ကြားတာဝန်ခံကပြောသည်။
ယင်းစစ်ကြောင်းသည် ယနေ့ (ဇွန်လ ၁၀ရက်) နံနက်ပိုင်းတွင် ကျီးတောရွာဘက်သို့ ဓားစာခံပြည်သူများနှင့်အတူ ဆက်လက်ဦးတည်နေကြောင်းသိရသည်။
ယင်းစစ်ကြောင်းကြောင့် ကုတို့စုရွာအပါအဝင် ကျေးရွာ လေးရွာမှ ဒေသခံ ၈၀၀ဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
စစ်ကောင်စီစစ်ကြောင်းဝင်ရောက်နေသည့် ဇွန်လ ကိုးရက်၊ နံနက် ကိုးနာရီဝန်းကျင်၌ ရေစကြို ခလရ ၂၅၇မှ လက်နက်ကြီး ခြောက်လုံး ပစ်ခတ်ခဲ့ရာ ကုတို့စုရွာမှ နေအိမ် နှစ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်းသိရသည်။
ဇွန် ရှစ်ရက်ကလည်း ဆည်ရွာတောရိုး၌ တောင်သူလုပ်ကိုင်နေသော သားအဖနှစ်ဦးကို ယင်းစစ်ကြောင်းက လိုက်လံပစ်ခတ်ခဲ့ရာ အသက် ၂၀အရွယ်ရှိ သားဖြစ်သူ သေဆုံးခဲ့ပြီး ဖခင်ဖြစ်သူမှာ ဒဏ်ရာများဖြင့် ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်းသိရသည်။