မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်အရှေ့ပိုင်း၊ ရွှေကူရပ်ကွက်၌ ၂၀၂၄ ခုနှစ်၊ မေ ၂၆ ရက်၊ နံနက် ၂ နာရီခန့်တွင် လေးလောင်းပြိုင်လူသတ်မှုဖြစ်ပွားခဲ့ပြီး မိသားစုလိုက်အသတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
“ အသတ်ခံရတာ စနေနေ့ညပိုင်းပေါ့၊ အဲ့ဒီညက မိုးအရမ်းရွာနေတော့ အော်သံတွေလည်း ဘယ်သူမှ မကြားကြဘူး၊ ဝရံတာတံခါးကနေ ဝင်တယ်လို့ထင်တယ်၊ အသတ်ခံရတာကို တနင်္ဂနွေနေ့လယ်လောက်မှ သိရတာ၊ ဓားနဲ့ထိုးပြီး မွှန်းသွားကြတာ။ လည်ပင်းလည်း လှီးထားကြတယ်၊ ရက်ရက်စက်စက်တွေ သတ်ထားတာ၊ သွေးတွေမှ မြင်မကောင်းဘူး” ဟု ဖြစ်စဥ်ကိုသိရှိသူ အမျိုးသမီးတစ်ဦးက MPA ကို ပြောသည်။
အသတ်ခံခဲ့ရသည့် မိသားစုမှာ အသက် ၄၈ နှစ်အရွယ်ရှိ ဦးကံချွန်နှင့် အသက် ၄၅ နှစ်အရွယ်ဒေါ်အေးရွှေအပြင် အသက် ၂၀ အရွယ်နှင့် ၁၂ နှစ်အရွယ်ရှိ သားနှစ်ဦးတို့ ဖြစ်သည်။
အဆိုပါ လေးလောင်းပြိုင်လူသတ်မှု ဖြစ်ပွားခဲ့သည့် နေအိမ်ကို မေ ၂၅ ရက်၊ မွန်းလွဲပိုင်းတွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များက လာရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
“ မနက်ဖြန်(မေ ၂၈ ရက်) သင်္ဂြိုဟ်ကြမှာ၊ အခုကတော့ ရင်ခွဲရုံမှာ ထားထားကြတယ်။ သတ်တဲ့သူက ဘာပစ္စည်းမှ ယူမသွားဘူး၊ မနေ့က နေ့လယ်ကတော့ ရဲတွေလာပြီး အလောင်းတွေကိုသိမ်း၊ ပိုက်ဆံတွေနဲ့ တန်ဖိုးရှိတဲ့ပစ္စည်းတွေကိုလည်း ရဲတွေကသိမ်းသွားတယ်” ဟု အမည်မဖော်လိုသူ မြို့ခံတစ်ဦးက ရှင်းပြသည်။
အာဏာသိမ်းခံရသည့် သုံးနှစ်တာကာလအတွင်း ဒုစရိုက်မှုများစွာ ဖြစ်ပေါ်နေပြီး၊ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ကလည်း ထိရောက်သည့် အရေးယူမှုများ လုပ်ဆောင်နိုင်ခြင်းမရှိသဖြင့် လုံခြုံရေးအတွက်စိုးရိမ်နေရကြောင်း မန္တလေးဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
စစ်ကောင်စီကအာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းလုံးရှိ အကျဥ်းထောင်များမှ ရာဇဝတ်သားများကို လွှတ်ပေးခဲ့ပြီးနောက်၊ ဓားပြတိုက်မှု၊ လုယက်မှု၊ လူသတ်မှုနှင့် အနုကြမ်းစီးမှုများ မကြာခဏဆိုသလိုဖြစ်ပွားလျက်ရှိနေသည်။