စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းတွင် မူးယစ်ဆေးဝါးရောင်းချနေသူနှစ်ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့(တောင်ပိုင်း)က ဖမ်းဆီးခဲ့ကြောင်း ယနေ့သတင်းထုတ်ပြန်သည်။
မူးယစ်ဆေးဝါးရောင်းချနေကြောင်း သတင်းအရ ဧပြီ ၂၈ ရက်၊ နံနက် ၇ နာရီအချိန်တွင် ကျေးရွာပကဖအဖွဲ့ဝင်များ၊ ပလဖအဖွဲ့ဝင်များနှင့်အတူ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်အောင်ကမ္ဘာဟိန်း ဦးစီး၍ ပြည်သူ့ရဲတပ်ဖွဲ့ဝင်နှစ်ဦးသည် မူးယစ်ဆေးဝါးရောင်းချနေသော ကျော်မင်းအားလည်းကောင်း ရဲတပ်ကြပ်ကြီးရန်အောင် ဦးစီး၍ ပြည်သူရဲတပ်ဖွဲ့ဝင်နှစ်ဦးသည် မူးယစ်ဆေးဝါးရောင်းချနေသော တူးလေးအားလည်းကောင်း သက်သေခံပစ္စည်းများနှင့်အတူဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
“ ပြည်သူလူထု ပူးပေါင်းပါ၀င်မှုနဲ့ သတင်းရပြီး ဖမ်းဆီးခဲ့တာပါ။ ကလေးတောင်ပိုင်းမှာ မူးယစ်ဆေးဝါးပြန့်နှံ့မှု အားကောင်းလာပေမဲ့ တတ်စွမ်းသမျှထိန်းချုပ်နေပါတယ်” ဟုကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့(တောင်ပိုင်း) ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ကြီးက MPA ကိုပြောသည်။
ကလေးတောင်ပိုင်းတွင် မူးယစ်ဆေးဝါးပြန့်နှံ့မှုသည် စစ်ကောင်စီအာဏာမသိမ်းမီကထက် ပြန့်နှံ့မှုနှုန်းပိုမိုများပြားနေပြီး စစ်ကောင်စီထိန်းချုပ်ထားသည့် ကလေးမြို့ပေါ်တွင် ပိုမိုလွယ်ကူစွာဝယ်ယူ၍ ရရှိနိုင်ကြောင်းသိရသည်။
“ မူးယစ်ဆေးဝါးက အခုထိန်းမနိုင်အောင်ကိုပြန့်နေတာနော်။ ဖမ်းခံရလည်း လေးငါးခြောက်လလောက်နေပြီး ပြန်လွှတ်ဆိုတော့ မကြောက်ဘဲဖြစ်နေတာ။ ပြီးတော့ တကယ်ဖြန့်တဲ့လူကိုမဖမ်းနိုင်ဘဲ ကိုင်းဖျားကိုင်းနားတွေကိုပဲဖမ်းနိုင်တော့ ပိုဆိုးတာပေါ့” ဟု ကလေးတောင်ပိုင်းဒေသခံတစ်ဦးက ဆိုသည်။
ဖမ်းဆီးရမိသူနှစ်ဦးကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ(၁၉)ဖြင့် တရားစွဲဆိုထားပြီး အရေးယူမှုများပြုလုပ်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။