ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ အုတ်ဖိုးစုရွာထိပ်လမ်းပေါ်တွင် အမည်မသိ အမျိုးသားအလောင်း ၁ လောင်းတွေ့ရှိခဲ့ပြီး လည်ပင်းတွင် အနက်ရောင်သေမင်းတမန်စာတန်းပါ စာရွက်တစ်ခုကိုချိတ်ဆွဲထားကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
အဆိုပါအလောင်းကို ဧပြီ ၂၂ ရက်၊ နံနက်အစောပိုင်းက စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး သေဆုံးသူမှာ အသက် ၂၀ ဝန်းကျင်ခန့်သာရှိသေးသည့် လူငယ်တစ်ဦးဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။
“အနားကပ်မကြည့်ရဲဘူး ၊ လည်ပင်းမှာတော့ အနက်ရောင်သေမင်းတမန်အဖွဲ့လို့ စာရေးထားတဲ့ စာရွက်တစ်ခုချိတ်ထားတာတွေ့တယ်၊ ဘယ်သူမှန်းလည်းမသိရဘူး။ ဒီနားက ရွာတွေကတော့မဟုတ်တာ အတည်ပြုနိုင်တယ်၊ အခုထိ(နံနက်၈နာရီ)အလောင်းလာမသယ်ကြသေးဘူး”ဟု ၎င်းကရှင်းပြသည်။
လက်ပံတန်းမြို့ဘက်မှ မောင်းနှင်လာသည့် ကားတစ်စီးသည် အုတ်ဖိုးစုကျေးရွာအနီးသို့အရောက်တွင် ပြန်လှည့်သွားသည်ကို ယနေ့၊ နံနက် ၃ နာရီခန့်က တွေ့ရှိခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့သည့် အမျိုးသမီးတစ်ဦးက ဆက်လက်ပြောသည်။
“ ကားကရွာထဲကဖြတ်မောင်းသွားတာ။ ကားသံကြားတော့ကျွန်မက ပေါ်တာဆွဲတယ်ထင်ပြီး ထကြည့်တာ မဟုတ်ဘူး။ ထင်နေကြတာတော့ အဲဒီကားနဲ့အလောင်းလာပစ်သွားတာပေါ့၊ ဖြစ်နိုင်ခြေများတယ်၊ အဲဒီကားက ခဏလေးပဲ ပြန်ထွက်သွားတာ၊ ဘာဒဏ်ရာနဲ့ သေနေလည်းဆိုတာတော့သေချာမကြည့်ရဲတော့မသိရဘူး”ဟု ၎င်းကရှင်းပြသည်။
ယခုတွေ့ရှိခဲ့သည့် လူငယ်တစ်ဦး၏ အလောင်းနှင့်ပတ်သက်ပ၍ လက်ပံတန်းမြို့အခြေစိုက်၊ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက “ ကျွန်တော်တို့ရဲဘော်တော့မဟုတ်ဘူး။ ကျွန်တော်တို့လဲမမြင်ဖူးဘူးလေ။ အခုလိုလုပ်ရပ်မျိုးကိုလည်း ကျွန်တော်တို့မလုပ်ပါဘူး” ဟု ပြောသည်။
ယခု အလောင်းလာရောက်စွန့်ပစ်ခံရသည့် ရေငံအုပ်စုသည် မကြာခဏဆိုသလို ပစ်ခတ်မှုများ ဖြစ်ပေါ်နေသည့်ဒေသတစ်ခုဖြစ်သည်။