မန္တလေးတိုင်းဒေသကြီး၊ မိထ္တီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ အမှတ် ၃ ဗဟိုရပ်ကွက်ရှိ စက်ယက္ကန်းရုံတစ်ခု၌ လေးလောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ယမန်နေ့ (ဇန်နဝါရီ ၁၁ ရက်)၊ မနက် ၃ နာရီခန့်တွင် စက်ယက္ကန်းအလုပ်ရုံပိုင်ရှင် မိသားစုဝင်သုံးဦးနှင့် အလုပ်သမား အမျိုးသမီးတစ်ဦးတို့ကို သတ်ဖြတ်ခဲ့ပြီး၊ ပစ္စည်းများယူဆောင်သွားခြင်းဖြစ်သည်။
“ သတ်တဲ့သူကလည်း အဲဒီယက္ကန်းရုံက အလုပ်သမားဘဲ၊ အမျိုးသမီးတွေက အသက်တွေကြီးနေပြီ၊ အဲဒါကိုမှ တူနဲ့ထု၊ ရက်ရက်စက်စက်သတ်ပြီး ရွှေ၊ ငွေ ပစ္စည်းတွေ ယူသွားတယ်။ လုပ်အားခပေးတဲ့အပေါ် မကျေနပ်တာကြောင့်လို့လည်း ကြားရတယ်။ သတ်ပြီးတော့ တရားခံကောင်လေးက သူကိုယ်တိုင် ရဲစခန်းကို လိမ်ညာပြောပြီး အကြောင်းကြားတယ်။ ရဲတွေ အရမ်းစစ်ဆေးမေးမြန်းမှ ဝန်ခံတယ်လို့ ကြားတယ်။ မနက် ၆ နာရီလောက်မှာ လူမှုကူညီရေးအသင်းက အလောင်းတွေ သယ်သွားတယ် “ ဟု ဝမ်းတွင်းမြို့ခံ အမျိုးသမီးတစ်ဦးက MPA သို့ ပြောသည်။
အသတ်ခံရသည့် အမျိုးသမီးများသည် ယက္ကန်းရုံပိုင်ရှင် ဒေါ်မြသွေး (အသက် ၆၈ နှစ်)၊ ဒေါ်ကြည် (အသက် ၇၈ နှစ်)၊ ဒေါ်စန္ဒာ (အသက် ၅၃ နှစ်)နှင့် ဒေါ်ဇင်ဇင်အေး (အသက် ၃၈ နှစ်) တို့ဖြစ်ပြီး၊ ယနေ့ (ဇန်နဝါရီ ၁၂ ရက်) နေ့လယ် နှစ်နာရီတွင် သင်္ဂြိုဟ်မည် ဖြစ်ကြောင်း သိရသည်။
“ တရားခံကိုတော့ ဝမ်းတွင်းစခန်းက အချုပ်မှာထားထားတယ်။ သူ့ရဲ့ ထွက်ဆိုချက်တွေနဲ့ စစ်ဆေးမေးမြန်းတာတွေ ဆက်လုပ်မယ်” ဟု ဝမ်းတွင်းမြို့မရဲစခန်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
အဆိုပါ လေးလောင်းပြိုင်လူသတ်မှုနှင့် ပက်သက်၍ MPA အနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး အသေးစိတ် သိရှိရ ပါက ဆက်လက်ဖော်ပြပေးသွားမည် ဖြစ်သည်။
“ ကျတော်တို့ ယက္ကန်းထည်တွေက ဝမ်းတွင်းက ယူတာများတယ်။ ပစ္စည်းယူတဲ့ မြို့က အခုလိုဖြစ်သွားတော့ စိတ်မကောင်းဘူး။ အခု ခေတ်ကာလကလည်း မကောင်းတော့ လုယက်မှုတွေက နေရာတိုင်း ကြားလာရတယ်။ ကိုယ့်ကိုကိုယ်သာ ဂရုစိုက်နေရတယ်” ဟု မိထ္တီလာမြို့မှ ယက္ကန်းထည်ကုန်သည်တစ်ဦးက ပြောသည်။
ဝမ်းတွင်းမြို့သည် ရန်ကုန် – မန္တလေးအမြန်လမ်းမပေါ်တွင် ရှိပြီး၊ တပ်မ ၉၉၊ ရှမ်းတဲလေတပ်ဌာနချုပ်များ တည်ရှိသည့် မိထ္တီလာမြို့နှင့်လည်း နီးကပ်စွာ တည်ရှိသည်။