တာမွေမြို့နယ်၊ ကျောက်မြောင်း၊ ကျားကွက်သစ်ရပ်ကွက်၊ ဓမ္မစိန္တာလမ်းနှင့် နိဂြောဓလမ်းထောင့်ရှိ အိမ်နံပါတ် (၁၅)၊ (၈) လွှာ၌ သက်ကြီးပိုင်း ညီအမ (၂) ဉီးကို အိမ်သို့ အဝင်အထွက်အမြဲရှိသည့် ဆိုက်ကားဆရာက ရက်စက်စွာ သတ်ဖြတ်ပြီး ရွှေထည်ပစ္စည်းများ အပါအဝင် အတွင်းပစ္စည်းအချို့ကို ယူဆောင်သွားသည့် ဖြစ်ရပ် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ (၁၉) ရက်၊ နေ့လယ်ပိုင်းအချိန်တွင် ကျူးလွန်သူဆိုက်ကားဆရာသည် နေအိမ်၌ တစ်ဦးတည်းရှိနေသည့် အသက် (၆၂) အရွယ်ရှိ အမျိုးသမီးဖြစ်သူအား သတ်ဖြတ်ပြီးနောက် အတွင်းပစ္စည်းများအားယူဆောင်ရန် လုပ်ဆောင်နေစဥ် အခင်းဖြစ်ပွားရာ နေအိမ်သို့ ရောက်ရှိလာသည့် အသက် (၄၆) နှစ်အရွယ် အမျိုးသမီးအား ထပ်မံသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း တာမွေမြို့မရဲစခန်းထံမှ သိရသည်။
“ သတ်သွားတာ မနေ့တည်းကပါ၊ ပတ်ဝန်းကျင်က ဒီမနက်မှာ မသင်္ကာလို့ စခန်းကို ဖုန်းဆက်အကြောင်းကြားရာက ဖြစ်စဥ်ကို သိရတာပါ၊ ကျူးလွန်သူက အိမ်ကိုအမြဲတစေအဝင်အထွက်ရှိပြီး ဓာတ်သိတစ်ဦးဖြစ်ပါတယ်။ အခင်းဖြစ်ပွားခဲ့တဲ့အချိန်ကိုမှန်းဆပြီး လမ်းထဲက CCTV မှတ်တမ်းတွေအရ တရားခံက အဆိုပါဆိုက်ကားသမားဖြစ်နေတာကို သိရတာဖြစ်ပါတယ်။ အခင်းဖြစ်ပြီး နာရီပိုင်းအတွင်းမှာပဲ တရာခံကို ဖမ်းဆီးနိုင်ခဲ့ပါတယ်” ဟု တာမွေရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
ယခုဖြစ်စဥ်တွင် သတ်ဖြတ်ခံခဲ့ရသည့် အမျိုးသမီးနှစ်ဦးမှာ ညီအမတော်စပ်ကြပြီး အဆိုပါနေအိမ်တွင် ၎င်းတို့နှစ်ဦးတည်း နေထိုင်ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
“ အမကို အရင်သတ်ပြီး ပလပ်စတစ်စနဲ့ပတ်ပြီး ရေချိုးခန်းထဲထည့်ထားတယ်။ ပြီးတော့ အိမ်မှာမွှေနှောက်နေတုန်း ထပ်ရောက်လာတဲ့ ညီမဖြစ်သူကို အိမ်ရှေ့ခန်းထဲမှာပဲ ဓားနဲ့ အချက်ပေါင်းများစွာ ထိုးသတ်ထားခဲ့တာလို့ သိရတယ်။ အဲ့ဒါတွေကြောင့် ဘယ်လောက်ရင်းနှီးပါစေ သူစိမ်းဆို ဒီခေတ်ကြီးထဲမှာ မယုံသင့်တော့ပါဘူး” ဟု အခင်ဖြစ်ပွားရာအနီး နေထိုင်သူတစ်ဦးက MPA သို့ ပြောကြားခဲ့သည်။
ယခုဖြစ်စဥ်ကို ကျူးလွန်ခဲ့သည့် ဆိုက်ကားဆရာဖြစ်သူမှာ ၎င်းအသင့်ယူဆောင်လာခဲ့သည့် ဓားဖြင့် သေဆုံးသူ အမျိုးသမီးနှစ်ဦးအား အချက်ပေါင်းများစွာ ထိုးသတ်ခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
“ ကျတော်တို့ရောက်တော့ တစ်လောင်းက ရေချိုးခန်းထဲမှာ၊ တစ်လောင်းက အိမ်ရှေ့ခန်းထဲမှာ တွေ့ခဲ့ရပါတယ်။ နှစ်ယောက်လုံးရဲ့ ခန္ဓာကိုယ်အနှံ့အပြားမှာ ဓားဒဏ်ရာပေါင်းများစွာ တွေ့ရှိရပါတယ်။ ကျန်တာကိုတော့ ကျတော်တို့မသိရသလို အသေးစိတ် အချက်အလက်တွေကို ပြောဆိုခြင်းမပြုဖို့ တာဝန်ရှိသူတွေက တားမြစ်ထားလို့ ဒီလောက်ပဲ ဖြေကြားပေးနိုင်ပါတယ်” ဟု ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
လူသတ်မှုဖြစ်ပွားခဲ့သည့် နေအိမ်အနီးတဝိုက်သည် လူအများ မပြတ်တမ်းစည်ကားသည့် အချက်အချာနေရာတစ်ခုဖြစ်ပြီး ကျားကွက်သစ်ရပ်ကွက် အုပ်ချုပ်ရေးမှုးရုံးနှင့်လည်း နီးကပ်စွာ တည်ရှိသော နေရာဖြစ်သည်။