ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဝေဇယန္တာလမ်းမပေါ်၊ သုဝဏ္ဏ ဘောလုံးအားကစားကွင်းရှေ့တွင် မတ်လ ၃ ရက်နေ့ ည ၁၁ နာရီ ၂၁ မိနစ်အချိန်ခန့်က Honda Fit အိမ်စီးကား တစ်စီး အရှိန်လွန်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ကားပေါ် လိုက်ပါလာသူ သုံးဦးမှ အမျိုးသား နှစ်ဦးမှာ ယင်းနေရာတွင် သေဆုံးသွားခဲ့ပြီး အမျိုးသမီးမှာ လက်ရှိ စိုးရိမ်ရသည့် အခြေအနေ ရှိနေကြောင်း စုံစမ်းသိရှိရသည်။
“ ဘာကြောင့်ဖြစ်တာလဲဆိုတော့ ကားမောင်းသူ နှစ်ဦးလုံး သေဆုံးသွားတော့ သေချာမသိဘူး၊ ပြောရရင် အရှိန်လွန်ပြီးမှောက်တာ ထင်တယ်။ တခုခုကို မြင်ပြီး ဘေးကို ဆွဲချလိုက်ပုံပဲ။ ဘေးက ဘောင်တွေကို တိုက်ပြီး မှောက်သွားတာ။ ကားကပက်လက်ကြီး ဖြစ်နေတယ် ကျနော်တို့ ရောက်သွားတော့ ကျား နှစ်ဦးကတော့ ပွဲချင်းပြီး ဆုံးသွားတယ်။ မ တစ်ဦးကတော့ လက်မောင်းမှာ ဒဏ်ရာရထားပြီး စံပြဆေးရုံမှာ လက်ရှိ ကုသနေတယ်” ဟု Medical လူငယ်များအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆက်သွယ်မေးမြန်းမှုကို ပြောကြားခဲ့သည်။
သေဆုံးသူ အမျိုးသား နှစ်ဦးထဲမှ တစ်ဦးမှာ CUBA Bar တွင် အလုပ်လုပ်သူ ဖြစ်ကြောင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။ သေဆုံးသူများ၏ ရုပ်အလောင်းများကို စံပြဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း လူမှုကူညီရေး အသင်းများထံမှ သိရသည်။