By MPA
ကမာရွတ်သတင်းမီဒီယာ ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်သည့် ဦးဟံသာညိန်းသည် အင်းစိန်အကျဉ်းထောင်မှ ယနေ့ တွင် ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း ကမာရွတ်သတင်းမီဒီယာ အယ်ဒီတာချုပ် ဦးနေသန်မောင်က MPA သတင်းဌာနကို အတည်ပြုပြောဆိုခဲ့သည်။
“ကိုဟန်သာလွတ်လာပါပြီ သူနဲ့ဖုန်းပြောလိုက်ရတယ်။ ” ဟု ဦးနေသန်မောင်က ဆိုသည်။
ရန်ကုန်အခြေစိုက် ကမာရွတ်မီဒီယာရုံးခန်းကို ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်နေ့တွင် ဝင်ရောက်စီးနင်းပြီး ဦးဟံသာညိန်းနှင့်အတူ အယ်ဒီတာချုပ် ဦးနေသန်မောင်တို့ကို ဖမ်းဆီးခဲ့ပြီး တနှစ်အကြာ ၂၀၂၂ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (က) ဖြင့် အင်းစိန်ထောင်တွင်း တရားရုံးမှ ထောင်ဒဏ် နှစ်နှစ်ချမှတ်ခဲ့သည်။
ကမာရွတ်မီဒီယာ၏ တည်ထောင်သူတစ်ဦးလည်းဖြစ်သည့် အယ်ဒီတာချုပ်လည်းဖြစ်သည့် ဦးနေသန်မောင်ကို စစ်ကောင်စီက ၂၀၂၁ ခုနှစ် ဇွန်လ ၁၄ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့သည်။
ယနေ့တွင် အင်းစိန်ထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထွက်လာသူများတွင် ဒါရိုက်တာစတီး( ဒွေး မေတ္တာ )လည်း ပြန်လည်လွတ်မြောက်လာခဲ့သည်။
စစ်ကောင်စီက မြန်မာနိုင်ငံတဝန်း အကျဉ်းထောင်များမှ အကျဉ်းခံနေရသူ ၄,၈၉၃ ဦးကိုပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခြင်းဖြစ်သည်။
စစ်ကောင်စီ၏ လွတ်ငြိမ်းခွင့်တွင် နိုင်ငံရေးအကျဉ်းသားပါဝင်မှု လွန်စွာနည်းပါးပြီး အကျဉ်းထောင်အချို့တွင် နိုင်ငံရေးအကျဉ်းသား လုံးဝ မပါဝင်သည်ကို ကနဦးတွေ့ရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုန်ပြန်ထားသည်။