By Than Lyan / MPA
မဇ္ဈိမ သတင်းဌာနတွင် ဓာတ်ပုံသတင်းထောက်အဖြစ် ဆောင်ရွက်ခဲ့သည့် ကိုကျော်စွာထွန်းသည် ၂၀၂၄ခုနှစ်၊ နိုဝင်ဘာ ၁၄ရက်၊ နံနက် ၁၀နာရီ မိနစ် ၃၀ခန့်တွင် ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ အင်းစိန်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်ခဲ့ကြောင်း သိရသည်။
၎င်းသည် ၂၀၂၂ခုနှစ်၊ စက်တင်ဘာ ရှစ်ရက်က သင်္ဃန်းကျွန်းမြို့နယ်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီးနောက် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်ခံခဲ့ရပြီး အလုပ်နှင့်ထောင်ဒဏ် သုံးနှစ်ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။
“ ထောင်ထဲမှာ ကျတော့်ရဲ့ လုပ်ဖောင်ကိုင်ဖက် အဟောင်းတွေ ကျန်နေသေးတယ်။ သူတို့ကိုလည်း ပြန်လည် လွတ်မြောက်စေချင်ပါတယ်” ဟု ကိုကျော်စွာထွန်းကပြောသည်။
စစ်ကောင်စီအာဏာသိမ်းခဲ့သည့် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီ တစ်ရက်မှ စတင်ကာ မီဒီယာဖိနှိပ်မှုများကို စတင်ဆောင်ရွက်ခဲ့ကာ သတင်းလွတ်လပ်ခွင့်ကို ကန့်သတ်ခဲ့သည့်အပြင် သတင်းထောက် များကိုဖမ်းဆီးပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) ဖြင့် ထောင်ဒဏ်ချမှတ်မှုများ လုပ်ဆောင်ခဲ့သည်။
“ သတင်းမီဒီယာ အလုပ်က အမှန်အတိုင်းရေးတော့ အစိုးရအဆက်ဆက်က မီဒီယာတွေဆိုရင် အမြင်မကြည်ပါဘူး။ စစ်တပ်အာဏာသိမ်းပြီးတော့ ပိုဆိုးလာတာပေါ့၊ သတင်းထောက်တွေဆိုရင် နိုင်ငံတော်ကိုပုန်ကန်နေတဲ့သူတွေဆိုပြီး တော့ကို ပုဒ်မ အမျိုးမျိုးတပ်ပြီး ဖမ်းဆီးနေတာပါ” ဟု ရန်ကုန်အခြေစိုက် အမည်မဖော်လိုသည့် သတင်းထောက်တစ်ဦးက ပြောသည်။
စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီ ၁ရက်မှ စတင်ကာ သုံးနှစ်ကျော်အတွင်း သတင်းမီဒီယာ ၁၅ ခု ပိတ်သိမ်းခံရကာ၊ သတင်းထောက် ခုနစ်ဦး သေဆုံးခဲ့ကြောင်း ဖမ်းဆီးခံရသည့် သတင်းထောက်များ၏ အချက်အလက်များကို စောင့်ကြည့်မှတ်တမ်းတင်နေသည့် Detained Journalists Information Myanmar၏ စာရင်းများအရသိရသည်။
ထို့ပြင် စစ်တပ်အာဏာသိမ်းသည့်အချိန်မှ ၂၀၂၄ခုနှစ် ဇူလိုင်လအထိ ဖမ်းဆီးခံခဲ့ရသည့် သတင်းသမား ၁၇၂ ဦးထိရှိခဲ့ကာ ယင်းတို့အနက် ၅၂ ဦးသည် အကျဉ်းထောင်များ၌ အကျဉ်းချခံထားရဆဲဖြစ်ကြောင်း Detained Journalists Information Myanmar က ထုတ်ပြန်ထားသည်။
ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၁၈၀ အနက် မြန်မာနိုင်ငံသည် သတင်းလွတ်လပ်ခွင့် အဆင့် ၁၇၁ တွင် ရှိနေပြီး သတင်သမားများအတွက် အန္တရာယ်အရှိဆုံးနိုင်ငံဖြစ်ကြောင်း နယ်စည်းမခြားသတင်းသမားများအဖွဲ့-RSF ၏ ၂၀၂၄ခုနှစ် ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အစီရင်ခံစာတွင် ဖော်ပြထားသည်။





