By Maung Dagon / MPA
ဆယ်လီ မီဒီယာများအား ဆင်ဆာ တင်းကျပ်ရန်အတွက် စစ်ကောင်စီ၏ ပြန်ကြာရေး ဝန်ကြီးဌာနက စီစဥ်နေကြောင်း အဆိုပါ ဝန်ကြီးဌာန အသိုင်းအဝိုင်းထံမှ စုံစမ်းသိရသည်။
စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီးဌာနသည် ဆယ်လီမီဒီယာများအား ယဥ်ကျေးမှုနှင့် မလျော်ညီသည်များ၊ အဖော်အချွတ်ကိစ္စများ၊ အတင်းအဖျင်းများ လက်လွတ်စပယ် တင်ရှိနေ၍ ယင်းသို့ ဆင်ဆာ တင်းကျပ်ရန် စီစဥ်လာခြင်းဟု သိရသည်။
“ အတင်းအဖျင်းတွေ အဖော်အချွတ်တွေကို ထိန်းဖို့လို့ကြားပါတယ်” ဟု ဆင်ဆာတင်းကျပ်ရခြင်းနှင့် ပတ်သက်ပြီး စစ်ကောင်စီ လက်အောက်ခံ မြန်မာ့ရုပ်ရှင်အစည်းအရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ကနဦးအနေဖြင့် ဆယ်လီ မီဒီယာများ တင်ရှိထားခဲ့သည့် သတင်းပို့စ်များထဲမှ ဆင်ဆာတင်းကျပ်မည့် ပုံစံနှင့် ညိသည့် အကြောင်းအရာများကို ရွေးချယ်က သတိပေးစာများ ပေးပို့သွားမည်ဟု သိရသည်။
“ စာတွေ ပို့မယ်လို့ သိရပါတယ်။ အခုထိတော့ ပို့မလာသေးပါဘူး” ဟု ပြည်တွင်း ဆယ်လီ သတင်းထောက် တစ်ဦးက ပြောသည်။
ထိုသို့ ဆင်ဆာတင်းကျပ် ရခြင်းမှာ ဆယ်လီ မီဒီယာများထံမှ အခွန်ငွေ ပိုရစေရန် ကြံစည်လာခြင်းမျိုး ဖြစ်နိုင်သည်ဟုလည်း သုံးသပ်မှုများ ရှိသည်။
“ vpn ကိစ္စမှာ Facebook အားကိုး ဆယ်လီ မီဒီယာတွေ အထိနာနေတယ်။ အဲ့ဒါကို ဆင်ဆာထပ်ကျပ်မယ်လုပ်ရင် လူတွေက အခုလို အဖော်အချွတ် အတင်းအဖျင်းတွေပဲ ပိုစိတ်ဝင်စားတော့ ကြည့်နှုန်းလျော့သွားမှာဘဲ၊ ညှိကြမှာပေါ့။ ငွေပေးနိုင်ရင်တော့ ရမှာပေါ့” ဟု ရန်ကုန်မြို့ခံ၊ အသက် ၃၀အရွယ် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးက ပြောသည်။
စစ်အာဏာသိမ်းပြီးနောက် လွတ်လပ်သော သတင်းဌာနများအား ပြည်တွင်း၌ အလွန်အမင်း တင်းကျပ်ထားပြီး ဆယ်လီမီဒီယာများကိုသာ စစ်ကောင်စီက လွတ်လပ်စွာ လုပ်ကိုင်ခွင့် ဆက်ပေးထားခဲ့သည်။
၎င်း ဆယ်လီ မီဒီယာများသည် အနုပညာရှင်များ၊ ဆယ်လီများ၏ အတင်းအဖျင်းနှင့် အဖော်အချွတ်ကိစ္စများကို အဓိက တင်ရှိကာ ဝင်ငွေရှာလျက် ရှိရာ ပြည်တွင်း၌ အနုပညာသတင်းထောက်များ၏ အရည်အသွေး၊ ကျင့်ဝတ်စံနှုန်းများ မရှိသလောက်ထိ ကျဆင်းနေပြီဟု ဝေဖန်မှုများ ရှိနေသည်။