ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် သတင်းထောက်ဟောင်း ကိုမြတ်သူထွန်း(ခ) ဖိုးသီဟနှင့် အခြားအမျိုးသား ၆ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့မှုအပေါ် သတင်းစာအသိုင်းအဝိုင်းမှ ရှုံ့ချခဲ့သည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၃၁ ရက်တွင် ကိုဖိုးသီဟနှင့် အခြားအမျိုးသား ၆ဦးကို စစ်ကောင်စီတပ် မြောက်ဦးအခြေစိုက်၊ ခမရ ၃၇၈ တပ်ရင်း အချုပ်ခန်းထဲ၌ သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီး ရုပ်အလောင်းများကို မြောက်ဦးမြို့ ဆေးရုံအနီးရှိ ဗုံးခိုကျင်းထဲ၌ မြှုပ်ကာ အလောင်းဖျောက်ဖျက်ခဲ့ကြောင်း ကိုဖိုးသီဟနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
” စစ်တပ်က မြောက်ဦးကို AA က မသိမ်းခင်ကတည်းက ကိုဖိုးသီဟက အဖမ်းခံခဲ့ရတာပါ၊ စစ်တပ်က သူ့ကို ဖမ်းပြီးတဲ့နောက်မှာ အသတ်ခံခဲ့ရတယ်ဆိုတဲ့ သတင်းတွေ ထွက်လာတယ်။ အတည်တော့ မပြုနိုင်ခဲ့ကြဘူး၊ AAက သိမ်းပြီးတဲ့နောက်မှာ ဆေးရုံနားမှာ အလောင်းတွေ တွေ့တယ်။ အဲဒီတော့ ကိုဖိုးသီဟဖြစ်တယ်ဆိုတာကို AAက ထုတ်ပြန်တော့မှ အတည်ပြုနိုင်ခဲ့တာပါ ” ဟု ၎င်းက ပြောသည်။
သတင်းထောက်ဟောင်း ကိုမြတ်သူထွန်း ခေါ် ဖိုးသီဟကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၀ ရက်တွင် စစ်ကောင်စီမှ စစ်တပ်နှင့်ရဲအင်အား အများအပြားဖြင့် နေအိမ်တွင် ရှိနေစဉ် လာရောက်ဖမ်းဆီးခဲ့ပြီးနောက် ပုဒ်မ- ၅၀၅(က)ဖြင့် တရားစွဲဆိုခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် သတင်းထောက်များအပေါ်အငြိုးထားစရာတစ်ခုအဖြစ် သတ်မှတ်ကာ သတ်ဖြတ်လျက်ရှိပြီး တရားမဲ့သတ်ဖြတ်ခံနေရခြင်းများနှင့်ပတ်သက်ပြီး အသံထွက်ပေါ်မှုနည်းပါးလျက်ရှိကြောင်း လွတ်လပ်သော မြန်မာသတင်းစာဆရာများအစည်းအရုံး (IMJA)မှ ဒုဥက္ကဠ ကိုနိုင်က ပြောသည်။
“ ကျတော်တို့အမြဲပြောနေသလို စစ်ကောင်စီရဲ့ ယုတ်မာရက်စက်မှုဟာ အမြင့်ဆုံးအခြေအနေဆိုတာထက်ပိုနေပြီ၊ သတင်းထောက်ဖြစ်တယ်ဆိုတဲ့ ဖြစ်တည်မှုဟာ သူတို့အတွက် အငြိုးထားစရာ၊ အသက်တစ်ချောင်းကို အလွယ်လေးသတ်ဖြတ်ဖြစ်စရာဖြစ်နေတာကိုက အရမ်းကို စိတ်မကောင်းစရာဖြစ်ရတယ်။ သတင်းထောက်တွေ တရားမဲ့သတ်ဖြတ်ခံနေပေမယ့် အသံထွက်ပေါ်မူနည်းနေတာကြောင့် သတင်းထောက်တွေအနေနဲ့ ကိုယ်တွေမှာရှိတဲ့ ခွန်းအားတွေနဲ့ပဲ ရှေ့ဆက်လျှောက်ကြရတော့မယ် “ ဟု ၎င်းက ပြောသည်။
“ သတင်းထောက်တွေက အခုအခြေအနေမှာ စစ်တပ်အတွက် အငြှိုးထားစရာဖြစ်နေတယ်။ သတင်းထောက်ဆိုရင်ကို သူတို့က (စစ်ကောင်စီတပ်) ပထွေးမုန်း မုန်းနေကြတယ်၊ စစ်ကြောရေးမှာဆိုလည်း မင်းလားကွ သတင်းသမားဆိုပြီး ရက်ရက်စက်စက် နှိပ်စက်ခံကြရတယ်ဆိုပြီး ဖမ်းဆီးရပြီး ပြန်လွတ်လာတဲ့ သတင်းထောက်တွေ ပြန်ပြောပြလို့ သိရတယ် “ ဟု တိမ်းရှောင်နေရသည့် သတင်းထောက်တစ်ဦးက ပြောသည်။
နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF)က နိုင်ငံတကာအသိုင်းအဝိုင်းကို ရခိုင်ပြည်နယ်မှ သတင်း ထောက် ကိုမြတ်သူထွန်း (ခ) ဖိုးသီဟ သတ်ဖြတ်ခံရမှုကို စုံစမ်းစစ်ဆေးရန်နှင့် ဖမ်းဆီးခံထားရသည့် သတင်းသမား ၆၂ ယောက် အမြန်ဆုံးလွတ်မြောက်ရေးအတွက် ဖိအားပေးရန် နိုင်ငံတကာသို့ တောင်းဆိုထားသည်။
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးသတ်ဖြတ်ခံရသူများအနက်တွင် ကိုမြတ်သူထွန်း (ခ) ဖိုးသီဟသည် ၅ ယောက်မြောက် သတင်းထောက် ဖြစ်သည်။
နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF)၏ ၂ဝ၂၃ ခုနှစ်ညွှန်းကိန်းအရ သတင်းလွတ်လပ်ခွင့် အဆိုးဆုံး နိုင်ငံ ၁၈၀ ရှိသည့်အထဲတွင် မြန်မာနိုင်ငံသည် အဆင့် ၁၇၃တွင် ရှိကြောင်း သိရသည်။