စစ်တွေမြို့တွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၉ ရက်၊ သီတင်းကျွတ်လပြည့်နေ့တွင် ကျင်းပသည့် ဆွမ်းတော်ကြီးလောင်းပွဲ၌ သတင်းယူနေစဉ် ဖမ်းဆီးခံခဲ့ရသည့် သတင်းထောက်ကိုထက်အောင်ကို စစ်ကောင်စီက အကြမ်းဖက်ဥပဒေပုဒ်မ ၅၂ (က) ဖြင့် ထပ်မံတရားစွဲဆိုခဲ့ကြောင်း မိသားစုဝင်များထံက သိရသည်။
“ဒီလ ၅ ရက်နေ့က တရားရုံးမှာ အကြမ်းဖက်ဥပဒေပုဒ်မနဲ့ ထပ်တိုးတရားစွဲပြီး စွဲချက်တင်ထားတယ်။ သူ့ကို စပြီးဖမ်းတည်းက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၅ စွဲထားခဲ့ပေမယ့် အခုက နောက်ထပ်ပုဒ်မတစ်ခုနဲ့ ထပ်စွဲတာပေါ့” ဟု ကိုထက်အောင်၏ မိသားစုဝင် တစ်ဦးက MPA ကို ပြောသည်။
သတင်းထောက်ကိုထက်အောင်အနေဖြင့် မှန်ကန်သော နည်းလမ်းဖြင့်သာ သတင်းရယူခဲ့သူဖြစ်ခြင်းကြောင့် အမှန်တရားအတိုင်းသာဖြစ်စေချင်ကြောင်းလည်း ၎င်းကဆက်လက်ပြောကြားသည်။
လက်ရှိတွင် သတင်းထောက်ကိုထက်အောင်၏ မိသားစုဝင်များအနေဖြင့် ကိုထက်အောင်အား ရုံးထုတ်စစ်ဆေးသော ပထမဆုံးရုံးချိန်းဖြစ်သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်က ပြန်လည်တွေ့ခွင့်ရခဲ့ပြီး ၎င်းအနေဖြင့် အကျဉ်းထောင်အတွင်း ကျန်းမာရေးကောင်းမွန်စွာ ရှိသဖြင့် ဝမ်းသာမိကြောင်း ဆိုသည်။
“သတင်းသမားဆိုတာက အဖက်ဖက်ကနေ သတင်းရယူပြီး အတည်ပြုချက်ဆိုတာယူရတယ်။ တော်လှန်ရေးနဲ့ နွယ်လို့ သူတို့(စစ်ကောင်စီ)သတ်မှတ်ထားတဲ့ အကြမ်းဖတ်အဖွဲ့ဆိုတာတွေနဲ့ ဆက်သွယ်လို့ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အကြမ်းဖက်ပုဒ်မတပ်တယ်ဆိုတာဟာ သတင်းမီဒီယာရဲ့ အခြေအနေကို လုံးဝကိုဇောက်ထိုးဖြစ်အောင် လုပ်ပစ်တာပဲ။ ဒီလို အကြမ်းဖက်ပုဒ်မတွေနဲ့ တရားစွဲဆိုတယ်ဆိုတာဟာ သတင်းသမားတွေကို လုံးဝအလွတ်မပေးချင်တဲ့ သဘောနဲ့ လုပ်နေတာပဲ”ဟု ရခိုင်ပြည်နယ်ရှိ အလွတ်တန်းသတင်းထောက်တစ်ဦးက မှတ်ချက်ပြုပြောဆိုသည်။
နိုင်ငံတစ်ခုတွင် စတုတ္ထမဏ္ဍိုင်ဖြစ်သည့် သတင်းသမားများ၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အား စစ်ကောင်စီက ပိတ်ပင်နေခြင်းကြောင့် မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့်သည် အဆိုးရွားဆုံးအခြေအနေတွင် ရှိနေကြောင်း ၎င်းကဆက်လက်ပြောသည်။
တရားဥပဒေအကြံပေးရှေ့နေ တစ်ဦးကလည်း “နစက က အကြမ်းဖတ်အဖွဲ့လို့ သတ်မှတ်ထားတဲ့ CRPH တို့၊ NUG တို့၊ PDF တို့အပြင် နစကကို ဆန့်ကျင်တိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်တာတို့ဆိုရင် ၅၂(က)နဲ့ တရားစွဲတာပေါ့။ သူ့ရဲ့ အမြင့်ဆုံးပြစ်ဒဏ်ဟာ ထောင်ဒဏ် ၇ နှစ်ရှိပြီး အနိမ့်ဆုံးပြစ်ဒဏ်ဟာ ထောင်ဒဏ် ၃ နှစ်အထိ ကျခံရနိုင်တာပေါ့”ဟု အကြမ်းဖက်ဥပဒေပုဒ်မ ၅၂(က) ၏ ပြစ်မှု ပြစ်ဒဏ်နှင့် ပတ်သက်၍ ရှင်းပြသည်။
သတင်းသမားများအနေဖြင့် နိုင်ငံသားတို့၏ သတင်းသိပိုင်ခွင့်အား ဖြည့်ဆည်းပေးခြင်းသာဖြစ်ပြီး မည့်သည့်အဖွဲ့အစည်းနှင့်မဆို ဆက်သွယ်ပိုင်ခွင့်ရှိပြီး အကြမ်းဖက်ဥပဒေပုဒ် ၅၂(က)ကို ကျူးလွန်ခြင်းမဟုတ်ကြောင်း ၎င်းကဆိုသည်။
Development Media Group (DMG) သတင်းဌာနက သတင်းထောက် ကိုထက်အောင်ကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၅ ဖြင့်သာ မူလက တရားစွဲဆိုထားသော်လည်း လက်ရှိတွင် အကြမ်းဖက်ဥပဒေပုဒ်မ ၅၂(က)ဖြင့် ထပ်တိုးတရားစွဲထားခြင်းဖြစ်ပြီး လာမည့် ဇန်နဝါရီလ ၁၉ ရက်တွင် ရုံးချိန်းပြန်လည် ချိန်းဆိုထားကြောင်း သိရသည်။