အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ဖယ်ခုံမြို့နယ်သည် ရှမ်းပြည်နယ်တောင်ပိုင်း အောက်တွင်သာ ဆက်လက်တည်ရှိကြောင်း သသောထားထုတ်ပြန်ချက်
By MPA
ဖယ်ခုံမြို့နယ်သည် ရှင်းပြည်နယ် (တောင်ပိုင်း)တွင်သာ ပါဝင်ကြောင်း NUG လက်အောက်ရှိ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မေ ၉ ရက်နေ့ ရက်စွဲဖြင့်ထုတ်ပြန်အသိပေးခဲ့သည်။ ယင်း ထုတ်ပြန်ချက်နှင့် ပတ်သက်၍ အွန်လိုင်းပေါ်တွင် အငြင်းပွားမှုများဖြစ်ပေါ်နေသည့်အပေါ် MPA သတင်းဌာနက ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) သို့ စုံစမ်းမေးမြန်းခဲ့သည်။
“ဒါကတော့ ကျွန်တော်တို့ ကရင်နီအမျိုးသားတွေအားလုံးကတော့ ဖယ်ဒရယ် concept ကို ကောင်းကောင်းလေး နားလည်ကြဖို့တော့ လိုတာပေါ့။ ကရင်နီလူမျိုးတွေဆိုတာက သမိုင်းကြောင်းနဲ့ ဖြစ်တည်လာခဲ့ကြတာဖြစ်တယ်။ ၁၉၄၈ ခုနှစ် ဗမာအစိုးရက ဗြိတိသျှဆီကနေ လွတ်လပ်ရေးကို ပြန်ရပြီးတဲ့နောက်ပိုင်းမှာ ကျွန်တော်တို့ တိုင်းရင်းသားနယ်မြေတွေကို လက်နက်အားကိုးနဲ့ ဝင်ရောက်သိမ်းပိုက်ခဲ့တာဖြစ်တယ်။ ကျွန်တော်တို့ ကရင်နီဆိုလို့ရှိရင် ကရင်နီပြည်ပဲလေ။ ဒါပေမဲ့ ၁၉၅၂ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ကရင်နီကို ကယားလို့ဆိုပြီး ပြောင်းလိုက်တာဖြစ်တယ်။ ဒါကလည်း သမိုင်းကြောင်းတွေက ရှိတယ်။ ဆိုတော့ ကျွန်တော်တို့ နောက်ပြီးမှ ပြောခဲ့တဲ့ ကရင်နီပြည်ဟာ လက်ရှိ အစိုးရအဆက်ဆက်က ခေါ်နေတဲ့ ကယားပြည်နယ်ကို ပြောတာမဟုတ်ပါဘူး။ ကယားပြည်နယ်ထက်ပိုပါသေးတယ်”ဟု KNPP ၏ အတွင်းရေးမှူး (၂) ဦးအောင်ဆန်းမြင့်က ပြောသည်။
NUG အစိုးရ လက်အောက်ခံ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖယ်ခုံမြို့နယ်သည် ရှမ်းပြည်နယ်တောင်ပိုင်း အောက်တွင်သာ ဆက်လက်တည်ရှိကြောင်း ထုတ်ပြန်အသိပေးခဲ့ပြီး မြို့နယ်တွင်း စစ်ဘေးရှောင်းအခက်အခဲများ၊ ကျန်းမာရေးနှင့် ပညာရေးကိစ္စရပ်များကို မြို့နယ်အဆင့် ကိုယ်ထူကိုယ်ထ ဆောင်ရွက်နေကြောင်း ပါရှိသည်။
ထို့ပြင် ဖယ်ခုံမြို့နယ်အား ကယား (ကရင်နီ) ပြည်နယ်အောက်တွင် တည်ရှိကြောင်း သုံးစွဲမှုများရှိလာသလို ဖယ်ခုံမြို့နယ်အား ကယား (ကရင်နီ) ပြည်နယ်အောက်တွင် ဆွဲသွင်း သုံးစွဲခြင်းအပေါ် ဖယ်ခုံမြို့နယ်တွင်း ပြည်သူများအကြား မှတ်ချက်အမျိုးမျိုးနှင့် သဘောထားကွဲလွဲမှုများစွာ ဖြစ်စေခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ကျွန်တော်တို့ရဲ့ နယ်နိမိတ်က ကျွန်တော်တို့ လူမျိုးတွေ နှစ်ပြည်ထောင်မှာ၊ ပြည်နယ်နှစ်ခုကြားထဲမှာ ပြည်နယ်ချင်းဆက်စပ်ပြီးမှ ထိတွေ့နေထိုင်ခဲ့တဲ့ ကျွန်တော်တို့လူမျိုးတွေရဲ့ နေရာဒေသအပါအဝင်ကို ကျွန်တော်တို့က ကရင်နီပြည်နယ်လို့ သတ်မှတ်ခဲ့တာဖြစ်တယ်။ အရင်တုန်းကလည်း ကျွန်တော်တို့ နယ်လေးနယ်နဲ့ ကရင်နီပြည်ကို သတ်မှတ်ခဲ့တာရှိတယ်ပေါ့။ အဲ့ဒါက ကန္တာရဝတီနယ်ပေါ့။ ကြယ်ဖိုးကြီးနယ်။ မိုးဗြဲနယ် ဘော်လခဲနယ်အဲ့လိုလေးခေါ်လာကြတာပေါ့။ ဆိုတော့ ဒီနေ့ဒီချိန်မှာလည်း ကျွန်တော်တို့က နှစ်ပေါင်းများစွာ ဆန်ထရယ်လိုင်ဇေးရှင်း ဗဟိုချုပ်ကိုင်မှုအောက်မှာကျွန်တော်တို့က နေလာခဲ့ကြရပြီးပြီ။ ဆိုတော့ ကျွန်တော်တို့အမျိုးသားတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်က ကျွန်တော်တို့ အခုချိန်ထိ မရရှိသေးဘူး။ အဲ့တော့ ကျွန်တော်တို့က ကိုယ့်ရဲ့ ကရင်နီလူမျိုးတွေ၊ ကိုယ့်ကရင်နီပြည်ကြီးတစ်ခုလုံး ဖက်ဒရယ် concept အရ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိဖို့ ကျွန်တော်တို့ ကြိုးစားရမှာဖြစ်တယ်။ ဒါမှပဲ ကျွန်တော်တို့ အမျိုးသားတန်းတူရေး တရားမျှတရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတဲ့ဟာကို ကျွန်တော်တို့ အကောင်အထည်ဖော်ရမှာဖြစ်တယ်”ဟု ၎င်းက ဆက်ပြောသည်။
NUG လက်အောက် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖယ်ခုံမြို့နယ်အား ကယား (ကရင်နီ) ပြည်နယ်အောက်တွင် ဆွဲသွင်း သုံးစွဲခြင်းအပေါ် အမျိုးသားညီညွတ်ရေး အစိုးရလက်အောက်ရှိ ဝန်ကြီး ဌာနအချို့မှ ဖယ်ခုံမြို့နယ်၏ သဘောထားမှတ်ချက်ကို တောင်းခံလာသည့်အတွက် ယခုလို ထုတ်ပြန်ကြောင်း အသိပေးထားသည်။
လက်ရှိတွင် တော်လှန်ရေးကာလဖြစ်သည့်အတွက် ဖယ်ခုံမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် ဖယ်ခုံမြို့နယ်အတွင်းရှိ လူထုတစ်ရပ်လုံး၏ သဘောထားဆန္ဒကို ကောက်ခံနိုင်ခြင်းမရှိသေးသောကြောင့် ယခုအချိန်ထိ ဖယ်ခုံမြို့နယ်သည် ရှမ်းပြည်နယ်တောင်ပိုင်းအတွင်းရှိ မြို့နယ်တစ်ခုအဖြစ်သာ ဆက်လက်တည်ရှိကြောင်း၊ အရေးတော်ပုံကာလအလွန်တွင် ပြည်သူ့ဆန္ဒခံယူပွဲတစ်ရပ်ကျင်းပပြီး ပြည်သူများ၏ မဲဆန္ဒအတိုင်းသာ ရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သဘောထားထုတ်ပြန်ခဲ့သည်။
“ဆိုတော့ အဲ့ဒါကို ကျွန်တော်တို့အားလုံးက သဘောပေါက်ဖို့လိုတယ်။ ဒီအပေါ်မှာတော့ မှတ်ချက်မပေးချင်ဘူး။ အားလုံးက ဒါကို သဘောပေါက်တယ်ဆိုရင် ကျွန်တော်တို့ ဘာဖြစ်သင့်လဲ၊ ဘာလုပ်သင့်လဲဆိုတာ ကျွန်တော်တို့ အားလုံးကနေမှ အဖြေပေးရမှာဖြစ်တယ်။ ဒါပေမဲ့လည်း တစ်ခုပြာချင်တာကတော့ ကျွန်တော်တို့ဒီနေ့ ချာတာထဲမှာ ပြည်နယ်တွေရဲ့ အုပ်ချုပ်ရေး ကဏ္ဍကို နယ်တွေကပဲလိုအပ်သလို ဖွဲ့စည်း တည်ဆောက်သွားရမယ်ဆိုတာပါပြီးသားဖြစ်တယ်။ အဲ့ကြောင့်မလို့ ဒီချာတာသဘောအရလည်း NUG အစိုးရက မြို့နယ် အစိုးရတွေနဲ့ အစိုးရတွေကို တိုက်ရိုက်ဖွဲ့စည်းပေးစရာမလိုဘူး။ ဒါကတော့ ရှင်းရှင်းလေးပဲ။ အခုထုတ်လိုက်တဲ့စာကလည်း ပြည်ထဲရေးဌာနရဲ့အောက်ကနေမှ အုပ်ချုပ်ရေးအဖွဲ့တွေကို ဖွဲ့စည်းတဲ့ပုံစံမျိုး ဒါတော့မဖြစ်သင့်ဘူးပေါ့နော်။ ဒါလေးတစ်ခုတော့ ကျွန်တော်တို့ပြောချင်ပါတယ်။ ဆိုတော့အားလုံးရဲ့ ပေါ်လက်တစ်ကယ် ကွန်းဆက်ကို ကောင်းကောင်းနားလည်ကြလို့ဆိုရင် ပြဿနာမရှိပါဘူး။ အဲ့လောက်ပဲကျွန်တော်ပြောချင်ပါတယ်”ဟု ပြောကြားသည်။
လက်ရှိတွင် ယင်းအရေးနဲ့ ပတ်သက်ပြီး NUCC ထဲတွင်လည်း ဆွေးနွေးနေကြသလို NUG အစိုးရနှင့် ပြည်နယ်များကြားတွင်လည်း ဆွေးနွေးနေကြကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၏ အတွင်းရေးမှူး (၂) ဦးအောင်ဆန်းမြင့်က MPA သတင်းဌာနသို့ သတင်းစကားပေးခဲ့သည်။
ယခင်က အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ အုပ်ချုပ်ရေးအဖွဲ့အစည်းများဖွဲ့စည်းခြင်းကို ကရင်နီပြည်အစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနက ကန့်ကွက်ကြောင်းထုတ်ပြန်စာတစ်စောင်ကို ဧပြီ ၂၆ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ဖူးသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ၏ ၂၂- ၂-၂၀၂၁ ရက်စွဲပါ စာအားရည်ညွန်း၍ ၂၀၂၂ ဧပြီ ၁၄ရက်နေ့တွင် ဒီးမောဆိုးမြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့မှ ကြားကာလ ရပ်ကျေး/ကျေးရွာအုပ်စု ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များဖွဲ့စည်းရန် ထုတ်ပြန်ကြေညာခဲ့သည်။
ယင်းသို့ထုတ်ပြန်ချက်များ လက်ရှိ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)ကရေးဆွဲပြီး ပြည်သူ့ညီလာခံမှ အတည်ပြုထားသော ဖက်ဒရယ်ဒီမိုကရေစီ ပိဋိဉာဉ်အပိုင်း-၂၊ အခန်း(၈)ပါ ပုဒ်မ (၅၂)၊(၅၃) အရ ကြားကာလ ပြည်နယ်/ ဖက်ဒရယ်ယူနစ်များ၏ အုပ်ချုပ်ရေး၊ ဥပေဒပြုရေးနှင့် တရားစီရင်ရေး ကဏ္ဍတွင်ဖော်ပြထားသည့် လုပ်ပိုင်ခွင့်များနှင့် ဆန့်ကျင်နေကြောင်း ကရင်နီပြည်အစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာန၏ ကန့်ကွက်စာတွင် ပါရှိခဲ့သည်။
ကရင်နီပြည်နယ်အတွင်း ယခင်ကတည်းကဖွဲ့စည်းတည်ဆောက်ထားသည့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီစသည်တို့ဖြင့် တစ်စုံတစ်ရာ ကျေလည်မှုရှိအောင် ညှိနှိုင်းဆောင်ရွက်ခြင်းမပြုဘဲ ဖွဲ့စည်းတည်ဆောက်ထားသည့် မည်သည့်အုပ်ချုပ်ရေးအဖွဲ့ကို မဆိုလက်ခံသွားမည်မဟုတ်ကြောင်းနှင့် သက်ဆိုင်ရာမှာ အမြန်ဆုံးပြန်လည်ရုပ်သိမ်းသွားရန် ကရင်နီပြည်အစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။