By Mg Dagon / MPA
စစ်ကောင်စီ၏ ၁၂ တန်းစာမေးပွဲကို ပြန်လည်ဖြေဆိုရမည့်ကျောင်းသား/သူများအနေဖြင့် စာမေးပွဲကို အခက်အခဲဟုမတွေးရန် စစ်ကောင်စီခန့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွှန့်ဖေက ပြောကြားလိုက်သည်။
ယမန်နေ့က နေပြည်တော်ကောင်စီနယ်မြေအတွင်း စာမေးပွဲပြန်လည်ဖြေဆိုရမည့် ကျောင်းသား/သူများအတွက် ဘာသာရပ်ဆိုင်ရာအနီးကပ်သင်တန်းများပေးနေသည့် အခြေခံပညာကျောင်းများသို့ သွားရောက်ကြည့်ရှုချိန် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“သဘာဝဘေးဒဏ်ကြောင့်ဖြစ်ပေါ်လာတဲ့ တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုရတဲ့အခြေအနေကို အခက်အခဲလို့မတွေးဘဲ ကြိုးစားသင်ယူကြစေလိုတယ်” ဟု စစ်ကောင်စီခန့် ပညာရေးဝန်ကြီးက ပုဗ္ဗသီရိမြို့နယ် အမှတ်(၂၀)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းသို့ရောက်ရှိနေခဲ့စဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။
ငလျင်ဒဏ်ကြောင့် ၁၂ တန်းစာမေးပွဲအဖြေလွှာများမီးလောင်ပျက်စီးခဲ့ရသည့်အတွက် နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်းနှင့် ကချင်ပြည်နယ်တို့က ကျောင်းသား ခြောက်သောင်းသုံးထောင်နီးပါး စာမေးပွဲပြန်လည်ဖြေဆိုရမည်ဟု ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့မှာ စစ်ကောင်စီက ထုတ်ပြန်ကြေညာခဲ့သည်။
ဇွန်လ ၁၆ ရက်နေ့မှ ၂၁ ရက်နေ့အထိ ပိတ်ရက်မရှိ ခြောက်ရက်ဆက်တိုက် ပြန်လည်ဖြေဆိုရမည်ဟု စာစစ်ဦးစီးဌာနက ဆိုသည်။
ထို့ကြောင့် ကျောင်းသား/ကျောင်းသူများအနေဖြင့် စာမေးပွဲပြန်ဖြေရန် ပြန်လည်ပြင်ဆင်ချိန် ၅၅ ရက်သာ ရရှိမည်ဖြစ်ပြီး မတ်လအတွင်းစာမေးပွဲဖြေဆိုခဲ့ကြရခြင်းဖြစ်သည့်အတွက် ၎င်းတို့အနေဖြင့် စာနှင့် တစ်လကျော်ကြာ ဝေးကွာခဲ့ရသည်။
“ကျောင်းသားတွေက မဖြေချင်ဘူးလို့ပြောနေကြတယ်။ ကျမလည်း မဖြေစေချင်ပါဘူး။ စာမေးပွဲဖြေတယ်ဆိုတာ လွယ်တာမှမဟုတ်တာ။ အားလုံးက ကိုယ်တွေ့ပဲလေ” ဟု မန္တလေးမြို့သို့ရောက်နေသည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့က ကျောင်းဆရာမတစ်ဦးက ပြောသည်။
ထို့ပြင် မန္တလေးတိုင်း၊ ရမည်းသင်းမြို့အတွင်းရှိ အထက်တန်းကျောင်းတစ်ခုတွင် တာဝန်ကျနေသည့် ဆရာမတစ်ဦးကလည်း မည်သည့်ကျောင်းသားမျှ ပြန်လည်ဖြေဆိုလိုမည်မဟုတ်ကြောင်း ပြောသည်။
“ငလျင်ထဲမှာလည်း အဖိတ်အစင်တွေရှိခဲ့တယ်လေ။ အကုန်လုံးမှာ စိတ်ဒဏ်ရာတွေနဲ့ချည်းပဲ။ ကျွန်မတို့လည်း မဖြေစေချင်ပါဘူး။ မတတ်နိုင်တဲ့အဆုံး လုပ်ပေးနေရတာ” ဟု ၎င်းက ပြောသည်။
ယခုကဲ့သို့ စစ်ကောင်စီက စာမေးပွဲပြန်လည်ဖြေဆိုစေခြင်းနှင့်ပတ်သက်၍ ဆရာ/ဆရာမ၊ ကျောင်းသား/သူများနှင့် မိဘများက မလိုလားသော်လည်း တရားဝင်အသနားခံစာနှင့် ကန့်ကွက်ခြင်းများပြုလုပ်မှုမရှိကြောင်း ပညာရေးအသိုင်းအဝိုင်းထံမှ သိရသည်။
“အဲဒါမျိုးတွေတော့ ကျွန်မတို့ မကြားမိပါဘူး။ ပြန်မဖြေကြမယ့်သူတွေတော့ များလိမ့်မယ်။ ကျန်တာတော့ ကျွန်မလည်း မပြောချင်ဘူး” ဟု မန္တလေးတိုင်းထဲက ကျောင်းဆရာမတစ်ဦးက ပြောသည်။
စာမေးပွဲဖြေဆိုခွင့်ကတ်များကို သက်ဆိုင်ရာစာစစ်ဌာနများ၌ ဇွန်လ ၁ ရက်မှ ၁၅ ရက်နေ့အထိ ထုတ်ယူနိုင်ကြောင်း စစ်ကောင်စီ၏ ဧပြီ ၂၂ ရက်နေ့ ထုတ်ပြန်ချက်အတွင်း ဖော်ပြထားချက်အရ သိရသည်။
မတ်လ ၂၈ ရက်ငလျင်ကြီးလှုပ်ခတ်မှုအတွင်း စာမေးပွဲအဖြေလွှာ ၃၇၇,၀၀၀ နီးပါးထားရှိရာ မန္တလေးတက္ကသိုလ်ပင်မဆောင်မီးလောင်ပျက်စီးခဲ့ရသည်။
ထို့နောက် မတ် ၂၉ ရက်နေ့တွင် မန္တလေးမြို့သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရောက်ရှိလာပြီး ရက်ပိုင်းအတွင်း နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်းနှင့် ကချင်ပြည်နယ်တို့က ၁၂ တန်းကျောင်းသားများ စာမေးပွဲပြန်ဖြေရန် သတင်းများထွက်ပေါ်လာခဲ့သည်။
စာတည်း-ကိုဆန်း