By Mg Dagon / MPA
အင်အားပြင်း ငလျင်ကြီးကြောင့် တိုင်းနှင့်ပြည်နယ်အချို့ရှိ တက္ကသိုလ်ဝင်တန်းစာမေးပွဲအဖြေလွှာများ မီးလောင်ပျက်စီးကုန်၍ ပြန်လည်ဖြေဆိုခိုင်းရန် စစ်ကောင်စီက စီစဉ်နေသည်ဟု Non-CDM ဆရာ/ဆရာမအသိုင်းအဝိုင်းထံမှ စုံစမ်း သိရှိရသည်။
ငလျင်ဒဏ်အပြင်းအထန်ခံစားခဲ့ရသော မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်နှင့် ကချင်ပြည်နယ်တို့တွင် ဖြေဆိုသည့် တက္ကသိုလ်ဝင်တန်း ကျောင်းသူ/သားများ၏ အဖြေလွှာများမီးလောင်ပျက်စီးသွားသည့် အတွက် စာမေးပွဲပြန်လည်ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်ရန်ဆိုပြီး လူမှုကွန်ရက်ပေါ်တွင် သတင်းများများကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေသကဲ့သို့ ဆရာ/ဆရာမအသိုင်းအဝိုင်းကြားတွင်လည်း ထိုကဲ့သို့ ပြောဆိုနေကြသည်ဟု သိရသည်။
“အဲဒီလို ကြားတော့ ကြားတယ်။ ဒါပေမဲ့ မသေချာသေးဘူးလို့ ပြောနေကြတယ်။ မန္တလေးမှာတော့ စာမဝင်သေးဘူး။ ကျန်တဲ့နေရာတွေကတော့ စာဝင်တဲ့နေရာဝင်တယ်။ မန္တလေးကျတော့ အဆောက်အဦးတွေရော အကုန်လုံး ထိခိုက်သွားတာကို၊ ကျောင်းတိုင်း ကျောင်းတိုင်း ထိခိုက်တယ် အကုန်လုံးက ပြိုတယ်။ ဒါကျတော့ အဆင်မပြေနိုင်သေးဘူး” ဟု မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်အတွင်းရှိ အထက်တန်းကျောင်းတစ်ကျောင်းတွင် တာဝန်ကျနေသည့် အထက်တန်းပြဆရာမတစ်ဦးက ပြောသည်။
မန္တလေးနှင့် စစ်ကိုင်းကဲ့သို့ ငလျင်ဒဏ်အကြီးအကျယ်ခံရသည့်ဒေသများရှိ ကျောင်းများနှင့်ပတ်သက်၍ တရားဝင်စာများလက်ခံမရရှိသေးဘဲ ကချင်နှင့် ရှမ်းပြည်တို့တွင် ရရှိနေပြီဟု ဆရာ/ဆရာမများက ပြောသည်။
“အဖြေလွှာတွေ မီးလောင်သွားတာကြားတယ်။ မန္တလေးနှစ်တစ်ရာပြည့်အဆောက်အအုံကြီးက မီးလောင်သွားတာကို၊ သူက အပေါ်မှာ Chemical ပစ္စည်းတွေရောရှိတယ်။ ငလျင်လှုပ်တော့ Chemical ပစ္စည်းတွေက ဓာတ်ပြုပြီး ပေါက်ကွဲတာလေ။ ဆရာ/ဆရာမတွေ ကုတ်ခေါက်(ဖြေဆိုသူ ခုံနံပါတ်ကို စည်းပိတ်ခြင်း)နေတုန်း ထွက်ပြေးရတာပေါ့” ဟု ရမည်းသင်းမှ ကျောင်းဆရာမက ပြောသည်။
စစ်ကောင်စီပညာရေးဝန်ကြီးဌာန၏ အကြောင်းကြားစာများအတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲများ ပြန်လည်ဖြေဆိုရမည့်အစီအစဉ်ရှိနေသည့်အကြောင်း၊ သက်ဆိုင်ရာကျောင်းသား/ကျောင်းသူများကို ထိုကဲ့သို့အသိပေးထားရမည့်အကြောင်း ထည့်သွင်းဖော်ပြထားကြသည်ဟု ၎င်းတို့က ဆိုသည်။
“ပြန်ဖြေမဲ့အစီအစဉ်ရှိတယ်ဆိုတဲ့အကြောင်း၊ ကလေးတွေကို သတိပေးထားရမဲ့အကြောင်း ဒီလောက်ပါပဲ။ ဘာမှတော့ မပြောသေးပါဘူး” ဟု အထက်ပါ ဆရာမက ဆက်ပြောသည်။
ထိုသို့ပြန်လည်ဖြေဆိုခိုင်းမည်ဆိုပါက မေးခွန်းသစ်များဖြင့် ပြန်လည်ဖြေဆိုရဖွယ်ရှိပြီး ပြန်လည်ဖြေဆိုခိုင်းမည်ဆိုပါက ကျောင်းသား/သူ များသာမက ဆရာ/ဆရာမများအတွက်လည်း အဆင်မပြေနိုင်ကြောင်း ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများက တညီတညွတ်တည်းပြောကြားသည်။
“မပြေနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုရင် ဖောင်းပြင်ဘက်တို့ဘာတို့ဆိုရင် အခြေအနေမကောင်းဘူးလေ။ မန္တလေးတို့ဘက်၊ နေပြည်တော်တို့ဘက်လည်း အခြေအနေမကောင်းနိုင်ဘူးလေ။ ဘာဖြစ်လို့လဲဆိုရင် အခုက အဆောက်အဦးတွေက ပြိုတာချည်းကို။ ကျောင်းတွေလည်း ပြိုတယ်လေ။ အဲဒီအခါကျတော့လေ။ ဒါပေမဲ့ စာတော့ မဝင်သေးဘူး။ (သတင်း)ထွက်တာတော့ ထွက်နေတယ်။ လိုင်းပေါ်မှာတော့ တွေ့တယ်။ ဒါပေမဲ့ အစ်မတို့ဆီမှာတော့ တရားဝင်စာတော့ မရသေးဘူး” ဟု အသက် ၄၅ နှစ်အရွယ်ခန့်ရှိ နောက်ထပ်ဆရာမတစ်ဦးက ပြောသည်။
ထို့အပြင် ရှမ်းပြည်(တောင်ပိုင်း)မှ အဖြေလွှာစစ်ဆေးသူများအတွင်းပါဝင်နေသည့် အထက်တန်းပြ ဆရာမတစ်ဦးကလည်း ပြန်လည်ဖြေဆိုခိုင်းမည်ဆိုပါက ကျောင်းသား/ကျောင်းသူများအနေဖြင့် မလွယ်ကူကြောင်း ပြောသည်။
“ပြန်ဖြေကြမယ်မထင်ဘူး။ အခြေအနေတွေက ဒီငလျင်ဒဏ်ခံရတဲ့အထဲ တချို့ကလေးတွေ အသက်သေဆုံးတယ်လို့လည်း ကြားနေတယ်။ ပြန်ဖြေဆို မလွယ်ဘူးထင်တယ်” ဟု ၎င်းက ပြောသည်။
ထိုသို့ဆိုသော် မည်သည့်နည်းလမ်းဖြင့် ဖြေရှင်းမည်လဲဟု အထက်ပါဆရာမနှစ်ဦးကို မေးမြန်းရာတွင် အဖြေရခက်သည်ဟု တူညီစွာပြောကြသော်လည်း ရမည်းသင်းတွင် တာဝန်ကျနေသည့် ဆရာမက တက္ကသိုလ်ကျောင်းများတွင် ဝင်ခွင့်စနစ်ဖြင့် ပြန်လည်ကြပ်မတ်သင့်သည်ဟု ပြောသည်။
စာစစ်အဖွဲ့အတွင်းပါဝင်နေသည့် ရှမ်းပြည်မှ ဆရာမကမူ “အကုန်လုံးအအောင်ပေးလိုက်ရင်လည်း မဖြစ်နိုင်ဘူး။ ဂျလုံးပလုံးတွေ အများကြီး၊ အခုစာစစ်လာတာတောင် ဘာမှမဖြေထားကြတာ အများကြီးဘဲ” ဟု ပြောသည်။
ငလျင်ဒဏ်အဆိုးရွားဆုံးခံရသည့် ဒေသများအတွင်းပါဝင်သည့် ရမည်းသင်းမှ ဆရာမကလည်း “ပြန်ဖြေခိုင်းမယ်ဆိုရင်တော့ ဘယ် ကလေးတွေ၊ မိဘတွေ ဆုံနိုင်ပါ့မလဲ။ ဘာဖြစ်လို့လဲဆိုရင် တချို့ကလေးတွေလည်း ရှိချင်မှရှိတော့မယ်လေ။ တချို့ကလေးတွေကလည်း မိဘမရှိနိုင်တော့ဘူး။ ဆိုတော့ စိတ်သောကရောက်နေတာဆိုတော့ အဲဒါလည်း အဆင်မပြေနိုင်ဘူးလေ။ အဲဒါမျိုးတွေတော့ အကုန်လုံးက ပြောနေကြတာပေါ့။ တကယ်လည်း ဟုတ်နေတာကြီးပဲကို နော့။ ဒါကြောင့်မလို့။ ဘယ်လိုတော့ အကဲဖြတ်မလဲမသိဘူး” ဟု ပြောသည်။
ကျောင်းသား/သူများအနေဖြင့်လည်း ပြန်လည်မဖြေဆိုလိုကြဟု မှတ်ချက်ပေးသည်။
ရန်ကုန်မြို့ရှိ တက္ကသိုလ်ဝင်တန်း ကျောင်းသားမိဘတစ်ဦးက “ဘယ်လိုမှ မဖြစ်နိုင်ဘူးလေနော်။ ကျမတို့သားဆိုလည်း ဘယ်ဖြေစေချင်မလဲ။ သူလည်း ဖြေချင်မှာမဟုတ်ဘူး။ တခြားကလေးနဲ့ မိဘတွေလည်း ဒီအတိုင်းပဲနေမှာဘဲ” ဟု မှတ်ချက်ပေးပြောသည်။
ပြီးခဲ့သည့် မတ်လ ၂၉ ရက်နေ့က စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် မန္တလေးမြို့သို့ရောက်ရှိလာပြီးနောက် ၎င်းလက်အောက်ခံ ပညာရေးဝန်ကြီးဌာနသို့ အချက်လေးချက်ပါ ညွှန်ကြားတစ်ခု အမိန့်ပေးခဲ့သည်ဆိုသည့် ညွှန်ကြားစာတစ်ခု လူမှုကွန်ရက်ပေါ်တွင် ယခုရက်ပိုင်းအတွင်း ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေခြင်းဖြစ်သည်။
ထိုအထဲ မန္တလေး၊ စစ်ကိုင်း၊ ကချင်ပြည်နယ်နှင့် နေပြည်တော်တို့တွင်ဖြေဆိုသည့် တက္ကသိုလ်ဝင်တန်းကျောင်းသား/သူများ၏ အဖြေလွှာများ မီးလောင်ပျက်စီးသည့်အတွက် စာမေးပွဲပြန်လည်ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်ရန်ဟု ထည့်သွင်းရေးသားထားသည်ကို တွေ့မြင်ရသည်။
မတ်လ ၂၈ ရက်နေ့က အင်အား ရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြီးသည် စစ်ကိုင်းတိုင်းအတွင်း ဗဟိုပြု၍ လှုပ်ခတ်ခဲ့သည့်အတွက် မြန်မာပြည်အလယ်ပိုင်းဒေသအတွင်း သမိုင်းတလျှောက် အကြီးမားဆုံးပျက်စီးဆုံးရှုံးမှုများနှင့် လူသေဆုံးထိခိုက်မှုကို ကြုံတွေ့နေကြရသည်။