By Mg Dagon / MPA
ရန်ကုန်အပါအဝင် မြို့ကြီးများတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကာလအတွင်း လျှပ်စစ်မီး ဆိုးရွားစွာပြတ်တောက်နေဆဲဖြစ်သည့်အတွက် စာမေးပွဲဖြေဆိုနေသော ကျောင်းသား/ကျောင်းသူများအတွက် စာကျက်ရာတွင် အခက်အခဲဖြစ်စေကြောင်း သိရသည်။
ပြီးခဲ့သည့် မတ် ၁၇ ရက်နေ့က စတင်ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲများသည် ယနေ့ မတ်လ ၂၁ ရက်တွင် ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်တို့ကို ဖြေကြားရသည်။
“နေ့ဘက်က မမှန်ဘူး။ ညဘက်က ပျက်တယ်။ အရင် လေးနာရီလာ၊ ရှစ်နာရီဖြတ်ထက်ကို ပိုဆိုးနေသလိုပဲ” ဟု ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်တွင်နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။
ထိုသို့လျှပ်စစ်မီးမရရှိသည့်အတွက် ကျောင်းသား/ကျောင်းသူများအနေဖြင့် အားသွင်းမီးလုံးများ၊ အင်ဗာတာ၊ ဆိုလာ၊ မီးစက်၊ ဖယောင်းတိုင်မီးနှင့် ရေနံဆီမီးခွက်များကို အားကိုးနေရသည်ဟု စုံစမ်းသိရှိရသည်။
“ကျမတို့ဆို အားသွင်းမီးလုံး ငါးလုံးလောက်ကို စုထားရတယ်။ မီးလာတာနဲ့ အားသွင်းရတာက တာဝန်တစ်ခုလိုပဲ။ ဟာသအနေနဲ့တောင် မိသားစုထဲပြောဖြစ်သေးတယ်။ အဘရဲ့ တန်ခိုးကြောင့် ပိုက်ဆံမရဘဲ ငါတို့ အလုပ်တာဝန်တွေရနေပြီဆိုပြီးတော့ပေါ့” ဟု ရန်ကုန်မြို့ရှိ တက္ကသိုလ်ဝင်တန်းကျောင်းသားတစ်ဦး၏ မိခင်တစ်ဦးက ပြောသည်။
ထို့ပြင် စစ်ကောင်စီထိန်းချုပ်ထားနိုင်သေးသည့်မြို့များဖြစ်သည့် ရန်ကုန်အပါအဝင် မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ မုံရွာ၊ စစ်ကိုင်း၊ မကွေးမြို့များတွင် တစ်ရက်လျှင် လျှပ်စစ်မီး နှစ်နာရီအပြည့်မရသဖြင့် အခက်ကြုံနေကြရခြင်းဖြစ်ကြောင်း သိရသည်။
“ဒီမှာလည်း မရဘူး။ အခုဖုန်းပြောနေတာတောင် ပါဝါဘဏ်နဲ့ ဝိုင်ဖိုင်အွန်ထားရတာ။ နေ့လည်း မလာ၊ ညလည်း မလာပဲ၊ တစ်ရက်ကို နှစ်နာရီပြည့်အောင်တောင်မလာဘူး။ စာမေးပွဲရက်လည်း ဘာမှမထူးဘူး။ ကလေးတွေလည်း မီးစက်အားကိုးနေရတယ်” ဟု ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် နေထိုင်သူတစ်ဦးက ပြောသည်။
မတ် ခြောက်ရက်နေ့က နေပြည်တော်တွင်ကျင်းပသည့် အစည်းအဝေးတစ်ခုတွင် စစ်ကောင်စီ၏ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွှန့်ဖေက တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကာလတွင် ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရန် လျှပ်စစ်မီးပုံမှန်ရရှိစေရေး ဆောင်ရွက်ပေးရန် ပြောကြားသွားသည်။
စစ်ကောင်စီက ကျင်းပသည့် ယခုပညာသင်နှစ်တွင် နိုင်ငံခြားစာစစ်ဌာန ၁၃ ခု နှင့် ပြည်တွင်း၌ စာစစ်ဌာန ၈၀၄ ခု စာစစ်ဌာန စုစုပေါင်း ၈၁၇ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၂၂၀,၈၄၃ ဦးအနက် ၂၀၈,၅၈၀ ဦး လာရောက်ဖြေဆိုကြောင်း စစ်ကောင်စီပညာရေးဝန်ကြီးဌာနထံမှ သိရသည်။