By Mg Dagon / MPA
စစ်ကောင်စီက ဒီဇင်ဘာလအတွင်းကျင်းပမည်ဟုဆိုထားသည့် ရွေးကောက်ပွဲသည် ယခင်ရွေးကောက်ပွဲများနှင့်အခြေအနေမတူညီသည့်အတွက် သတိပြုလုပ်ဆောင်ကြရန် စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုက ပြောသည်။
ယမန်နေ့ကပြုလုပ်ခဲ့သည့် စစ်ကောင်စီလုပ်မည့်ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးအတွင်း ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“အခုကျင်းပမယ့်ရွေးကောက်ပွဲဟာ ယခင်ကျင်းပမယ့်ရွေးကောက်ပွဲတွေနဲ့မတူဘဲ ရွေးကောက်ပွဲကျင်းပရမယ့်အခြေအနေ၊ ဆောင်ရွက်ရမယ့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ၊ ပိုမိုများပြားတယ်။ ကျင်းပမယ့် ရွေးကောက်ပွဲစနစ်၊ ရွေးကောက်ပွဲအချိန်ကာလ၊ မဲပေးရမယ့်ပုံစံများလည်း မတူညီတဲ့အတွက် သတိပြုလုပ်ဆောင်ဖို့လိုပါတယ်” ဟု ဦးကိုကိုက ပြောသည်။
ထို့အပြင် မဲပေးရာတွင် ယခင်က မဲလက်မှတ်အစား ယခုအခါ အီလက်ထရောနစ်မဲပေးစနစ်ဖြင့် မဲပေးနိုင်ရေး ကမ္ဘာ့မဲပေးစက်များကိုလေ့လာ၍ မြန်မာနိုင်ငံနှင့်ကိုက်ညီမည့် မဲပေးစက်ကို တီထွင်ခဲ့သည်ဟု ၎င်းက ပြောသည်။
“မဲပေးစက်တွေကို အကြိမ်ကြိမ်စမ်းသပ်စစ်ဆေးပြီး အမှားအယွင်းမရှိစေရေး၊ လုံခြုံမှုရှိစေရေး၊ မဲဆန္ဒရှင်ပြည်သူများ မဲပေးစက်အပေါ် ယုံကြည်မှုရှိစေရေး ဆောင်ရွက်ပြီးပြီ” ဟု စစ်ကောင်စီရွေးကောက်ပွဲဖြစ်မြောက်ရန် ဦးဆောင်လုပ်ပေးနေသူက ပြောသည်။
ယမန်နေ့ မေလ ၉ ရက်နေ့အထိ စစ်ကောင်စီရွေး/ကော်ထံ ပါတီသစ် ၂၇ ခုလျှောက်ထားသည့်အပြင် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်အတွက်လျှောက်ထားသည့်ပါတီ ၅၀ ခု စုစုပေါင်း ၇၇ ပါတီရှိပြီဖြစ်သည်ဟု သိရသည်။
“ကျနော်တို့ကတော့ စိတ်လည်းမဝင်စားဘူး။ အသိအမှတ်လည်းမပြုဘူး” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ ဗဟိုအလုပ်အဖွဲ့ဝင်တစ်ဦးက မှတ်ချက်ပေးသည်။
ထို့အပြင် ဒီမိုကရေစီလိုလားသူပြည်သူအများကလည်း စစ်ကောင်စီကျင်းပမည့်ရွေးကောက်ပွဲကို မလိုလားဘဲ သပိတ်မှောက်မည်ဟု ပြောဆိုနေကြသည်။
“ကျမတို့လိုချင်တဲ့အစိုးရကို မဲပေးပြီးသွားပါပြီ။ ထပ်ပြီး မဲပေးဖို့ ဆန္ဒမရှိပါဘူး။ စကစအောက်ကလူတွေ ဘယ်လိုပဲကြိုးစားလုပ်နေလုပ်နေ စိတ်မဝင်စားပါဘူး” ဟု ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်နေ အမျိုးသမီးတစ်ဦးက ပြောသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် မတ်လ ၄ ရက်နေ့က ၉ ရက်နေ့အထိသွားရောက်ခဲ့သည့် ရုရှားနှင့် ဘယ်လာရုစ်ခရီးစဉ်အတွင်း ဘယ်လာရုစ်သမ္မတနှင့်တွေ့ဆုံချိန် ရွေးကောက်ပွဲကို အစောဆုံး ဒီဇင်ဘာနောက်ဆုံးပတ်နှင့် ဇန်နဝါရီ ပထမပတ်အတွင်းကျင်းပပြုလုပ်မည်ဟု ပြောဆိုထားသည်။
စစ်ကောင်စီရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌကမူ ဒီဇင်ဘာနောက်ဆုံးပတ်အတွင်းကျင်းပမည်ဟု ပြီးခဲ့သည့်လအတွင်းကပြုလုပ်သည့်အခမ်းအနားတစ်ခုတွင် ပြောဆိုထားသည်။