By Mg Dagon / MPA
မြန်မာ့အရေးပြောင်ပြောင်တင်းတင်းဝင်ရောက်စွက်ဖက်နေသော တရုတ် သမ္မတ ရှီကျင့်ဖျင်က နှစ်နိုင်ငံဆက်ဆံရေးသည် သာအတူနာအတူဆက်ဆံရေးဖြစ်ကြောင်း ပြောကြားသည်။
ယမန်နေ့ ( မေ ၉ ရက် )က ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင်ကျင်းပခဲ့သည့် ရင်ပြင်နီချီတက်ပွဲသို့ တက်ရောက်လာစဉ်အတွင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တရုတ်သမ္မတတို့ သီးခြားတွေ့ဆုံချိန် ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၏ ယနေ့ထုတ်ပြန်ချက်အရ သိရသည်။
“တရုတ်-မြန်မာ နှစ်နိုင်ငံဟာ သာအတူနာအတူ အပြန်အလှန် ဖေးမကူညီကြတဲ့ အေးအတူ ပူအမျှ အသိုက်အဝန်းဖြစ်တယ်” ဟု ရှီကျင့်ဖျင်က ပြောသည်။
ရန်ကုန်တရုတ်သံရုံးထုတ်ပြန်ချက်အတွင်း ဆက်ဆံရေး ၇၅ နှစ်အတွင်းသို့ရောက်ရှိလာသည့်အချိန်တွင် တရုတ်နိုင်ငံအနေဖြင့် အိမ်နီးချင်းနှင့် ညီညွတ်ရေး၊ တည်ငြိမ်အေးချမ်းရေး၊ သာယာဝပြောရေး၊ ချစ်ကြည်ရင်းနှီးမှု၊ ရိုးသားမှု၊ အပြန်အလှန်အကျိုးရှိမှု၊ အားလုံးပါဝင်မှု၊ ကံကြမ္မာတူ ဖေးမကူညီခြင်း အစရှိသည့် မူဝါဒများကို ဆက်လက်ကိုင်စွဲလုပ်ဆောင်သွားမည်ဟု တရုတ်သမ္မတက ဆက်ပြောထားသည်။
ဆက်လက်ပြီး မြန်မာနိုင်ငံ၏ ငလျင်ဘေးဒဏ်ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ဆက်လက်ကူညီထောက်ပံ့ပေးလိုသည်ဟု ၎င်းက ပြောသည်။
ထို့အပြင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေး၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် တည်ငြိမ်သင့်လျော်စွာဖြင့် ပြည်တွင်းနိုင်ငံရေးလုပ်ငန်းစဥ်များကို အကောင်အထည်ဖော်လုပ်ဆောင်ခြင်းကို ထောက်ခံအားပေးကြောင်း ရှီကျင့်ဖျင်က ပြောသည်။
စစ်ကောင်စီအနေဖြင့် မြန်မာနိုင်ငံရှိ တရုတ်ဝန်ထမ်း၊ အဖွဲ့အစည်း၊ စီမံကိန်းများ၏ ဘေးကင်းလုံခြုံမှုကို သေချာအာမခံပေးရန်၊ အွန်လိုင်းလောင်းကစားနှင့် လိမ်လည်မှု စသည့်နယ်စပ်ဖြတ်ကျော် ပြစ်မှုကျူးလွန်မှုများကို တိုးမြှင့်တိုက်ဖျက်ရန် ၎င်းက စစ်ခေါင်းဆောင်ကို ပြောကြားသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကလည်း တရုတ်၏ အကူအညီပေးမှုများနှင့် စစ်ကောင်စီဘက်က ထောက်ခံရပ်တည်ပေးနေမှုများကို အမြဲကျေးဇူးတင်ပြီး ဆက်လက်ကူညီပေးရန် မေတ္တာရပ်ခံသည်ဟု တရုတ်သမ္မတနှင့်တွေ့ဆုံချိန်ပြောကြားခဲ့သည်ဟု စစ်ကောင်စီဘက်က ထုတ်ပြန်ချက်အရ သိရသည်။
ထို့အပြင် ယခုနှစ်ကုန်ပိုင်းတွင် စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲအကြောင်းကိုလည်း ရှီကျင့်ဖျင်ကို စစ်ခေါင်းဆောင်က ရှင်းပြပြောဆိုခဲ့သေးသည်။
တဖန် တရုတ်နိုင်ငံနှင့်အတူလက်တွဲပြီး ဘုံစိန်ခေါ်မှုများအား ရင်ဆိုင်သွားမည်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဝံ့ကြွားပြောဆိုခဲ့ကြောင်း တရုတ်သံရုံးထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။
“အင်အားကြီးနိုင်ငံတွေက နိုင်ငံငယ်တွေကို သူတို့ဘက်ပါအောင် စုနိုင်သမျှ လိုက်စုနေကြတာ သတိထားမိတယ်။ အထူးသဖြင့် တရုတ်နဲ့ ရုရှားပေါ့။ အဓိကက သူတို့အကျိုးစီးပွားအတွက်ပဲပေါ့။ နိုင်ငံကြီးတွေက သူတို့ကို ဖယ်ကျဉ်နေချိန်မှာ နိုင်ငံငယ်တွေနဲ့ပေါင်းပြီး အင်အားစုတဲ့သဘောလို့ ယူဆမိတယ်။ စကစကလည်း ဒါကိုပဲ အာသာဖြေပြီး ဂုဏ်ယူနေတာ” ဟု နိုင်ငံရေးလေ့လာစောင့်ကြည်နေသူတစ်ဦးက ပြောသည်။
ထို့အပြင် အာဏာရှင်နှစ်ဦးအုပ်စိုးသည့် တရုတ်နှင့် ရုရှားတို့သည် ကျောချင်းကပ်ထားပြီး အမေရိကန်နှင့် အနောက်အုပ်စုကို အကြီးအကျယ်ခြိမ်းခြောက်ပြုနေပြီးနောက် မြန်မာအပါအဝင် နိုင်ငံငယ်များကို အကာအကွယ်အဖြစ် ပြန်လည်အသုံးပြုနေကြသည်ဟု လေ့လာသူများက ပြောသည်။
“ဒီလူ(ရှီကျင့်ဖျင်နှင့် ပူတင်)တွေက စကစခေါင်းဆောင်တွေလုပ်တဲ့ ဗျူဟာအတိုင်းပဲ။ အရိုးအရင်းလေးပစ်ကျွေး၊ တွေ့ခွင့်တောင်းရင် ခဏလောက် မကောင်းတတ်လို့ ခွင့်ပေးပြီး အကြီးကြီးပြန်ချတာ” ဟု စစ်ရေး၊ နိုင်ငံရေး စောင့်ကြည့်နေသူတစ်ဦးက ပြောသည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့သည် ရုရှားသမ္မတ ပူတင်၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံ မော်စကိုမြို့တွင် ယမန်နေ့ က ကျင်းပခဲ့သည့် ဒုတိယကမ္ဘာစစ်ရပ်ဆိုင်းမှု ရင်ပြင်နီချီတက်ပွဲသို့ တက်ရောက်ရန် ပြီးခဲ့သည့် မေလ ခုနှစ်ရက်နေ့က ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။