By Hlaing / MPA
မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တွင် စစ်ကောင်စီတပ်အချိန်းအပြောင်းလုပ်ပြီးနောက် အမျိုးသမီးများကိုဖမ်းဆီးနေပြီး လိုင်းကားစီးရာတွင်လည်း မှတ်ပုံတင်နှင့်တကွ စစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိနေကြောင်း ဒေသခံများထံမှ သိရှိရသည်။
ယခုနှစ်( ၂၀၂၅ ခုနှစ်)၊ ဧပြီလဆန်းပိုင်းတွင် မလှိုင်မြို့ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးဌာနအပါအဝင် အမှတ် ၄ အုပ်ချုပ်ရေးမှူး ဦးမျိုးဝင်းနေအိမ်၊ ငွေတိုက်စိုးပွဲရုံ၊ မလှိုင်မြို့မရဲစခန်း၊ ဘုရားကြီးဝန်းနှင့် စစ်ကောင်စီတပ်သားများတပ်စွဲထားရာနေရာများကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းများအသုံးပြု၍ ဗုံးအလုံးရေ ၁၅ လုံးခန့်ကြဲချခဲ့သည့် ဖြစ်စဥ် ဖြစ်ပွားပြီးနောက်၊ ဧပြီလကုန်ပိုင်းတွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးအချိန်းအပြောင်းပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
“ မလှိုင်မှာ ဗုံးတွေကြဲတုန်းက PDF တွေဘက်ကနေ မြို့မရဲစခန်းက စစ်တပ်အရာရှိကို ပေါ်တာမဆွဲဖို့ ဖုန်းဆက်တယ်။ အဲ့ဒီ့နောက်ငြိမ်နေတာကြာပြီ၊ မနေ့ညကမှ အမှတ် ၉၊ အမှတ် ၃ ရပ်ကွက်က အမျိုးသမီးတွေရော၊ ကံထူးဂိတ်နားက ယောကျ်ားကြီးတွေရော တွေ့သမျှ အကုန်ဖမ်းခေါ်တာ၊ ဆယ်ဦးကျော်တယ်၊ ဒီမနက်တော့ ငွေပေးနိုင်သူတွေက ပြန်လွတ်လာကြတယ်” ဟု ဖြစ်စဥ်ကိုသိရှိသူ မလှိုင်မြို့ဒေသခံ အမျိုးသားတစ်ဦးက MPA သို့ ပြောသည်။
ထို့ပြင် စစ်ကောင်စီက မလှိုင် – မိတ္ထီလာပြေးဆွဲနေသည့် မလှိုင်ကားဂိတ်များတွင်လည်း ခရီးသည်များ၏ မှတ်ပုံတင်နှင့် မျက်နှာများကို တိုက်၍ စစ်ဆေးမှုများလည်း လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
“ အရင်တစ်ပတ်က ထီလာဘက်က စစ်မှုထမ်းပါပြီး ပြေးတဲ့သူတစ်ယောက်မိတယ်။ ကျတော်ဆို မှတ်ပုံတင်ပြတာတောင် ဆံပင်ကို နဖူးပေါ်လှန်ခိုင်းသေးတယ်။ စစ်တဲ့သူတွေကဖြင့် ၁၇ ဝန်းကျင်လောက်ရှိဦးမယ်” ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။
လက်ရှိ မေလဆန်းပိုင်းမှစ၍ မလှိုင်မြို့နယ်အတွင်း၌ စစ်ကောင်စီက MPT၊ Ooredoo ဖုန်းလိုင်းများကို နှေးကွေးအောင်ပြုလုပ်ထားသည့်အပြင် ဖုန်းလိုင်းများပြတ်တောက်ခြင်းကိုလည်း မကြာခဏကြုံတွေ့နေရကြောင်း ဒေသခံများက ဆိုသည်။
“ Ooredoo ဆို ဖုန်းဘေကို တိုင်တွေပေါ်ပြီး ထည့်လို့မရတာ။ MPT ဆိုလည်း ဖုန်းအဝင်အထွက်မရဘူး။ ပြတ်တောင်း ပြတ်တောင်းနဲ့။ Mytel ကလည်း သေချာမကြားရ၊ ဝါးတားတားနဲ့” ဟု အမှတ် ၃ ရပ်ကွက်မှ အမျိုးသမီးတစ်ဦးက ဆိုသည်။
စစ်ကောင်စီက ညအချိန်နှင့် နံနက်အရုဏ်တက်ချိန်များတွင်လည်း မလှိုင်မြို့အနီးအနားမြို့များဖြစ်သည့် တောင်သာနှင့် နွားထိုးကြီးမြို့နယ်များသို့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေသည့်အပြင်၊ နယ် မလှိုင်မြို့နယ် မြောက်ခြမ်းရှိ ကျေးရွာများကိုလည်း ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်နေခြင်းကြောင့် ဒေသခံပြည်သူအချို့မှာ မလှိုင်မြို့ပေါ်သို့ စစ်ရှောင်နေကြကြောင်း သိရသည်။
“ သက္ကယ်ကျင်းရွာဘက်ကနေ ရွာသားတွေ စစ်လာရှောင်ကြတာ။ ဗုံးကြဲခံရမှာ ကြောက်လို့တဲ့ ဘုန်းကြီးကျောင်းတွေမှာ နေနေကြတာ” ဟု အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးက ဆိုသည်။
မလှိုင်မြို့နှင့် ၂၂ မိုင်သာ ကွာဝေးသည့် မိတ္ထီလာမြို့တွင်လည်း စစ်ကောင်စီ၏ တပ်မ ၉၉၊ ရှမ်းတဲလေတပ်ဌာနချုပ်၊ လေကြောင်းနှင့် မြေပြင် အတက်သင်လေတပ်စခန်း (လမသ)၊ အမြောက်တပ်ရင်းများ၊ ကုတင် ၅၀၀ စစ်ဆေးရုံနှင့် ရဲသင်တန်းကျောင်းများတည်ရှိနေပြီး၊ စစ်ကောင်စီတပ် အားကောင်းရာ ခရိုင်မြို့တစ်ခုလည်း ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ သြဂုတ် ၁၀ ရက်တွင် မြင်းခြံခရိုင် အထူးစစ်ဆင်ရေး – Myingyan District Special Operation (MDSO) အဖြစ် နွားထိုးကြီး၊ မြင်းခြံနှင့် တောင်သာမြို့နယ်တို့တွင် စစ်ကောင်စီနှင့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး၊ စစ်ကောင်စီက လက်ရှိအချိန်ထိ လေကြောင်းတိုက်ခိုက်မှုများကို လုပ်ဆောင်လျက်ရှိနေသည်။