By Ko Paing / MPA
ရန်ကုန်မြို့၊ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်တွင် စစ်မှုထမ်းရန် ဖိအားပေးခံရသော လူငယ်တစ်ဦး မိမိကိုယ်ကို အဆုံးစီရင်သွားကြောင်း သိရသည်။
အရှေ့ဒဂုံ(ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်)၊ရှစ်ရပ်ကွက်၊ပဒုမ္မာလမ်းနေ အသက်၂၃နှစ်ခန့်အရွယ်ရှိ လူငယ်တစ်ဦးသည် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က စစ်မှုထမ်းရန် ဖိအားပေးခြင်းခံရပြီးနောက် မေလခြောက်ရက် နံနက် ပိုင်းတွင် ၎င်း၏အိမ်၌ပင် ကြိုးဆွဲချသေဆုံးနေသည်ကို တွေ့ရကြောင်း ယင်းရပ်ကွက်နေ ပြည်သူတစ် ဦးကပြောသည်။
“ဘယ်အချိန်က လုပ်လိုက်သလဲတော့ မသိဘူး။မနက်ငါးနာရီကျော်လောက်မှာ သေနေတာတွေ့တာ။ မနေ့(မေခုနှစ်ရက်)ညနေက ရေဝေးမှာ သင်္ဂြိုဟ်တယ်”ဟု ၎င်းက MPA သို့ပြောသည်။
ဒဂုံအရှေ့မြို့နယ်၊ရှစ်ရပ်ကွက်အုပ်ချုပ်ရေးမှူး လှသိန်း၊ ရာအိမ်မှူး ဝင်းမြင့်၊ စစ်မှုထမ်းဆင့်ခေါ်ရေး ခေါင်းဆောင် ဇော်လတ်နှင့် အပေါင်းအပါတို့သည် မေလ ငါးရက် ညနေတွင် ယင်းလူငယ်၏ နေအိမ်သို့ သွားကာ စစ်မှုထမ်းရန် အသင့်ပြင်ထားဖို့ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း Rangoon Scout Network က ဖော်ပြထားသည်။
ယင်းလူငယ်သည် အခြားမည်သည့်ပြဿနာမျှ မရှိဘဲ စစ်မှုထမ်းရန် ခြိမ်းခြောက်ခံရခြင်းကြောင့်သာ စိတ်ဖိစီးမှုဖြစ်ကာ အဆုံးစီရင်ခြင်းဟု ၎င်းမိသားစုနှင့်နီးစပ်သူများထံမှ သိရကြောင်း ရှစ်ရပ်ကွက်နေ ပြည်သူက ပြောသည်။