By Sayar Ngaat / MPA
ကရင်ပြည်နယ်၊ ဘားအံမြို့၊ တောင်ကလေးအကျဉ်းထောင်တွင် ရာဇဝတ်အကျဉ်းသား ၁၂ဦးက နိုင်ငံရေးအကျဉ်းသားနှစ်ဦးကို ဝိုင်းဝန်းရိုက်နှက်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဧပြီလ ၃၀ရက်၊ မွန်းလွဲ နှစ်နာရီခွဲက နိုင်ငံရေးအကျဉ်းသား ကိုကျော်ကျော်မြင့်နှင့် ကိုမင်းသူစိုးတို့နှစ်ဦးကို ရာဇဝတ်အကျဉ်းသားများက ဝိုင်းဝန်းရိုက်နှက်ကာ သတ်ရန်ကြံစည်ခဲ့ကြောင်း PPNMမှ ဘဏ္ဍာရေးတာဝန်ခံက ပြောသည်။
” နဂိုကတည်းက နိုင်ငံရေး အကျဉ်းသားတွေအပေါ်ကို အမြင်စောင်းကြတယ်။ ပြီးတော့ နိုင်ငံရေးအကျဉ်းသားတွေကလည်း ထောင်ထဲမှာရှိတဲ့ မီးဖိုကြီးကို တာဝန်ကျတဲ့ နိုင်ငံရေးအကျဥ်းသားတွေ ရရှိမယ့် ရိက္ခာနဲ့ပတ်သက်ပြီးတော့ နိုင်ငံရေးအကျဥ်းသားတွေကလည်းခဏခဏတင်ပြတယ်၊ အဲဒီအခါမှာ နိုင်ငံရေးအကျဥ်းသားတွေကို မျက်မုန်းကျိုးနေရတာဖြစ်တဲ့အတွက် ကြိုတင်စီစဥ်ပြီး လုပ်တဲ့ပုံစံဖြစ်ပါတယ် ” ဟု ၎င်းက ပြောသည်။
ဘားအံ အကျဉ်းထောင်ရှိ ထောင်ပိုင်လေး၏ လူယုံတပည့် ဖြစ်သူ ထက်နိုင်မှ နိုင်ငံရေးအကျဉ်းသားနှစ်ဦးကို ထောင်မှ ကျွေးသည့်ငါးဟင်း နောက်ကျရသည့် အကြောင်းကို အိပ်ဆောင်အတွင်း ဝင်ရောက်ပြောကြားခိုင်းရာမှ ရာဇဝတ်အကျဉ်းသား ၁၂ ဦး၏ အုပ်စုဖွဲ့ ဝိုင်းဝန်း ရိုက်နှက်ခြင်းကို ခံခဲ့ရခြင်းလည်းဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားနှစ်ဦးကို ရိုက်နှက်ခဲ့သည့် ရာဇဝတ်အကျဉ်းသား ၁၂ဦးသည် မင်းထက်(ခ)ဘိုဘို၊ ပေါင်ချိန်၊နွားကြီး၊ ဝင်းသန်းထွန်း၊ ကျော်သက်လွင်၊ ၊ မိုးကောင်းကင်၊ ပါပြတ်၊ စပရိန်၊သွားကြိုး ၊ဂျိုကာ၊ကောင်းရွှေထက်၊ မန္တလေးမြို့ရှိ Mobile Mother ဖုန်းဆိုင်ပိုင်ရှင်၏ သားဖြစ်သူ(အမည်မသိရသေး) တို့ဖြစ်သည်။
ယင်းကဲ့သို့ရိုက်နှက်ခဲ့မှုများကြောင့် နိုင်ငံရေးအကျဥ်းသား ကိုကျော်ကျော်မြင့်သည် ဦးခေါင်းကွဲအက် ဒဏ်ရာ၊ခန္ဓာကိုယ် ဖူးရောင် ပေါက်ပြဲဒဏ်ရာ၊ မျက်နှာဖူးရောင် ဒဏ်ရာ၊ တံတောင်ဆစ် လက်မောင်း ညိုမည်းဒဏ်ရာများ ရရှိခဲ့ပြီး၊ နိုင်ငံရေးအကျဉ်းသား ကိုမင်းသူစိုးသည် ဦးခေါင်းကွဲအက်ဒဏ်ရာ၊ ဘယ်မျက်ခုံး ကွဲအက်ဒဏ်ရာ၊ မျက်နှာတစ်ခုလုံး ဖူးရောင်ညိုမဲဒဏ်ရာ ၊ခန္ဓာကိုယ်အနှံ့ ညိုမည်းရောင်ကိုင်းဒဏ်ရာများ ရရှိခဲ့ ကြောင်းလည်း သိရသည်။
နိုင်ငံရေးအကျဉ်းသား ကိုကျော်ကျော်မြင့်သည် ပုဒ်မ ၅၂(က)၊ ၅၂(ဃ)၊ ၅၀(ည) ပုဒ်မများဖြင့် ထောင်ဒဏ် (၁၅)နှစ်ကျခံနေရသူဖြစ်ပြီး နိုင်ငံရေးအကျဉ်းသား ကိုမင်းသူစိုးသည် ပုဒ်မ ၅၂(က)ဖြင့် ထောင်ဒဏ် (၄)နှစ် ကျခံနေရသူတစ်ဦးဖြစ်ကြောင်း ဘားအံတောင်ကလေးအကျဉ်းထောင်နှင့် နီးစပ်သူများထံမှ သိရသည်။
” အကျဉ်းဦးစီးဌာနဘက်က အစကတော့ တရားမျှတမှုရရှိဖို့အတွက် ထောင်ပိုင်လေးကိုပြောတယ်၊ ထောင်ပိုင်လေးကတဆင့် ထောင်ပိုင်ကြီးကိုတင်ပြတယ်၊ အဲဒီအခါမှာ ကရင်ပြည်နယ်ညွှန်ကြားရေးမှူးကနေတော့ DE (ဌာနစုံစမ်းရေး)လုပ်မယ်ဆိုပြီးတော့ပြောထားတာမျိုးရှိတယ်။ အခုအချိန်ထိတော့ ဘာအရေးယူတာမှမကြားသေးဘူး ” ဟု ဘားအံတောင်ကလေးအကျဉ်း ထောင်နှင့်နီးစပ်သူတစ်ဦးက ပြောသည်။
လက်ရှိ အုပ်စုဖွဲ့ ဝိုင်းဝန်းရိုက်နှက်ခဲ့သူ (၁၂)ဦးအနက် မင်းထက်(ခ)ဘိုဘို ၊ ပေါင်ချိန်၊ နွားကြီး၊ မင်းမင်း(ခ)ပါပြတ်၊ စပရိန်စသည့် ငါဦးကိုသာ အကျဥ်းဦးစီးက တိုက်ပိတ်ထားပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် နိုင်ကျဉ်းများမှ တရားရုံး ပြင်ပတွင် တရားစွဲဆိုသွားဖြစ်ကြောင်းလည်း သိရသည်။
နိုင်ငံရေးအကျဥ်းသားများကို ဝိုင်းဝန်းရိုက်နှက်ခဲ့သူများသည် ဘားအံတောင်ကလေးအကျဉ်းထောင်အတွင်းရှိ နိုင်ကျဉ်းများအား သီးသန့်နှိပ်ကွပ်ရန် အင်အား (၁၀၀)ဝန်းကျင်ဖြင့် ဖွဲ့စည်းထားသည့် ဘားကုတ်ဂိုဏ်းမှ ဦးဆောင်သူများ ဖြစ်ကြောင်းလည်း သိရသည်။
” ထောင်ထဲမှာဆိုရင် အကျဉ်းဦးလက်အောက်ခံ ရာဇဝတ်အကျဉ်းသားတွေက နိုင်ကျဉ်းတွေကို တခြားအမှုနဲ့ ကျထားတဲ့သူတွေနဲ့ ရန်တိုက် ပေးတာမျိုး၊ သူတို့ဘက်က သူလျှိုတွေ လွှတ်ထားတာမျိုးတွေ ရှိတယ်၊ တစ်ခုခုပြဿနာတက်ပြီဆိုရင် ဆူပူမှုမဖြစ်ဖြစ်အောင် လှုံ့ဆော်တယ်၊ ပြီးတော့ ထောင်အာဏာပိုင်တွေရောက်လာရင် နိုင်ငံရေးအကျဥ်းသူ၊ အကျဉ်းသားတွေကိုပဲ ရိုက်ပြီးတော့ တိုက်ထဲထည့်တာမျိုးတွေ ကြုံတွေ့ခဲ့ရတယ် ” ဟု နိုင်ငံရေးအကျဉ်းသူများအဖွဲ့မှ ဦးဆောင်တာဝန်ခံ မဇူးဇူးမေယွန်းက ပြောသည်။
၂၀၂၅ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအထိ အကျဉ်းထောင်အတွင်း ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိခဲ့မှုများကြောင့် နိုင်ငံရေးအကျဉ်းသား ၉ဦး သေဆုံးခဲ့ကြောင်း PPNMမှ မေလငါးရက်တွင် ထုတ်ပြန်ထားသည်။
စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ တစ်ရက်မှ ၂၀၂၅ ခုနှစ်၊ ယနေ့(မေလ ၇ ရက်)အထိ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၉၁၂၂ ဦးရှိပြီး လက်ရှိ အကျဉ်းထောင်များတွင် ဖမ်းဆီးခံထားရသူ ၂၂၂၀၁ ဦးရှိနေကြောင်းနိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း-AAPP၏ စာရင်းများ၏အရ သိရသည်။