By Mg Dagon / MPA
ရုရှားနိုင်ငံအနေဖြင့် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင်ရရှိခဲ့သော မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုအတွင်း ပါဝင်ကူညီပေးခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ ရုရှား သံအမတ် Iskander Azizov က ပြောကြားလိုက်သည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရုရှားနိုင်ငံသို့ သွားရောက်ချိန်နှင့် အချိန်ကိုက်အနေဖြင့် ဝါဒအမှားဖြန့်ချိရေးသားမှုကို စစ်ကောင်စီထိန်းချုပ်ထားသည့် သတင်းစာများက (ယနေ့ မေလ ၇ ရက်ထုတ် )ဖော်ပြလာခြင်းဖြစ်သည်။
အဆိုပါသံအမတ်သည် ရုရှား၏ ၁၉၄၁-၁၉၄၅ ဒုတိယကမ္ဘာစစ်ပြီးဆုံးမှုအထိမ်းအမှတ် ရင်ပြင်နီချီတက်ပွဲ နှစ် ၈၀ ပြည့်အခမ်းအနားကို ဂုဏ်ပြုသည့်အနေဖြင့် “အမြဲအမှတ်ရနေရမယ့် ဒုတိယကမ္ဘာစစ်ကပေးသော သင်ခန်းစာများ” ဆိုသည့် ဆောင်းပါးအတွင်း အထက်ပါအတိုင်းရေးသားပြောဆိုခဲ့ခြင်းဖြစ်သည်။
၎င်းက ဆိုဗီယက်ပြည်ထောင်စု၏ မဟာအောင်ပွဲကြီးဟု ဝံ့ဝံ့ကြွားကြွားပြောဆိုထားသည့် ဆိုဗီယက်တပ်များ၏အောင်ပွဲမှတစ်ဆင့် ဝင်ရိုးတန်းအင်အားစုနိုင်ငံများကိုချည့်နဲ့စေပြီး ၁၉၄၄ ခုနှစ်တွင် မြန်မာနိုင်ငံ(ယခင်ဗမာ)အတွင်း ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်(ဖဆပလ)တည်ထောင်မှုအတွက် အုတ်မြစ်ချစေနိုင်ခဲ့သည်ဟု ပြောဆိုခြင်းဖြစ်သည်။
“ဖဆပလ အဖွဲ့ချုပ်ဆိုတာ ၁၉၄၃ ခုနှစ် ဩဂုတ်လ ၁ ရက်မှာ ဂျပန်နိုင်ငံက မြန်မာနိုင်ငံကို ရွှေရည်စိမ်လွတ်လပ် ရေးပေးခဲ့တဲ့အတွက် ဂျပန်နိုင်ငံရဲ့ အုပ်ချုပ်မှု အောက်ကနေလွတ်မြောက်ဖို့ ရည်မှန်းလုပ်ဆောင်တဲ့လှုပ်ရှားမှုမှာ မျိုးချစ်တပ်ဖွဲ့တွေကို စုစည်းခဲ့တဲ့ အဖွဲ့ကြီးဖြစ်ပါတယ်။ ၁၉၄၅ ခုနှစ် မတ်လမှာ ဗမာ့အမျိုးသားတပ်မတော်ဦးဆောင်တဲ့ လူထုအုံကြွတော်လှန်မှုကြီးက မြန်မာနိုင်ငံအတွင်းကနေ ဂျပန်တပ်ဖွဲ့တွေကို မလွဲမသွေထွက်ခွာသွားစေပါတယ်။ အဲဒီနောက် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်မှာ မြန်မာနိုင်ငံကို ဗြိတိသျှကိုလိုနီအုပ်ချုပ်မှုအောက်ကနေ လွတ်လပ်သောနိုင်ငံအဖြစ် ကြေညာနိုင်စေခဲ့တဲ့ နိုင်ငံရေးအရ ပကတိအခြေအနေအသစ်များဆီသို့လည်း ရွေ့လျားဆင်းသက်လာစေတာ ဖြစ်ပါတယ်” ဟု ရုရှားသံအမတ်က ပြောသည်။
ထိုဆောင်းပါးနှင့်ပတ်သက်၍ မြန်မာလူထုက သမိုင်းအမှားများ လွှင့်နေသည့်အတွက် စစ်ကောင်စီနှင့် ရုရှားသံအမတ်ဆိုသူကို စိတ်ပျက်နေကြသည်။
ဝါရင့်နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးကတော့ “မကြားဖူး၊ မဖတ်ဖူးဘူး” ဟု မှတ်ချက်ပေးသည်။
ထို့အပြင် သတင်းမီဒီယာလုပ်သက် ၁၀ နှစ်ကျော်ရှိသူတစ်ဦးကလည်း “သမိုင်းအမှားပဲ။ အခုမှပဲ ကြားဖူး၊ ဖတ်ဖူးတော့တယ်။ သင်လည်း မသင်ခဲ့ရဖူးဘူး။ ဘယ်စာအုပ်မှာမှလည်း မဖတ်ဖူးခဲ့ဘူး” ဟု ပြောသည်။
ဆက်လက်ပြီး CDM ကျောင်းဆရာတစ်ဦးကလည်း မြန်မာ့လွတ်လပ်ရေးအတွက် ရုရှားက ကူပေးခဲ့သည်ဟု တစ်ကြိမ်မျှ မဖတ်ဖူးကြောင်း ပြောသည်။
“ဒါပေမဲ့ ဆိုရှယ်လစ်လမ်းစဉ်အတွက် မြန်မာက သခင်အချို့တော့ ရုရှားမှာ အစည်းအဝေးတက်ဖူးတာဘာညာတော့ ကြားဖူးပါတယ်။ အဲဒါက လွတ်လပ်ရေးနဲ့မှ မဆိုင်တာလေ။ အဲဒါက နိုင်ငံရေးအယူအဆ သဘောတရား ဖလှယ်တဲ့သဘောပဲလေနော်။ အဲဒါတွေကလည်း ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှ ဝါဆောနဲ့ နေတိုးအဖွဲ့အတွေ အပြိုင်အဆိုင်ဖွဲ့ကြတဲ့အချိန်ကြမှ ရုရှားက အာရှမှာ ကွန်မြူနစ်သဘောတရားနဲ့ ဆိုရှယ်လစ်သဘောတရားတွေကို ဖြန့်တဲ့အချိန်မှပဲ မြန်မာက နိုင်ငံရေးသမားတွေနဲ့ ဆက်ဆံခဲ့ကြတာမျိုးပဲကြားခဲ့ဖူးတာ။ မြန်မာ့လွတ်လပ်ရေးအတွက် ရုရှားက အသိအမှတ်ပြုတယ်ဆိုတာမျိုးတော့ ကြေငြာခဲ့ဖူးတယ်” ဟု ၎င်းက ပြောသည်။
ဖဆပလသည် မြန်မာနိုင်ငံသို့ကျူးကျော်ထားသည့် အင်္ဂလိပ်တို့ကို ဒုတိယကမ္ဘာစစ်အတွင်း ဖက်ဆစ်ဂျပန်တို့နှင့်ပူးပေါင်းတိုက်ခိုက်ခဲ့ပြီးနောက် ဂျပန်ကပေးသည့်အတုအယောင်လွတ်လပ်ရေးကို ပြန်လည်တိုက်ယူရန်အတွက် ဖွဲ့စည်းခဲ့သည့် အဖွဲ့အစည်းကြီးဖြစ်သည်။
ထိုအဖွဲ့ကို ၁၉၄၄ ခုနှစ် ဩဂုတ်လတွင် ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်(ဖတပလ)အနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်အဖွဲ့ဝင်များကဦးဆောင်၍ ကနဦးဖွဲ့စည်းခဲ့ပြီးနောက် ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်(ဖဆပလ)ဟု ပြောင်းလဲဖွဲ့စည်းခဲ့သည်။
ဖဆပလတွင် ဗိုလ်ချုပ်အောင်ဆန်းက ဥက္ကဋ္ဌ၊ သခင်သန်းထွန်းက အတွင်းရေးမှူးအဖြစ် စတင်တာဝန်ယူခဲ့ကြသည်။
သို့သော် ၁၉၅၇ ခုနှစ်အတွင်း တည်မြဲနှင့် သန့်ရှင်းဟူ၍ ဖဆပလနှစ်ခြမ်းကွဲခဲ့ပြီးနောက် ၁၉၅၈ ခုနှစ်တွင် အိမ်စောင့်အစိုးရတက်လာချိန်တွင် ဖဆပလပျက်သုဉ်းခဲ့ရသည်။
လက်ရှိ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ဇနီးကြူကြူလှတို့သည် ရုရှားနိုင်ငံ၌ လာမည့် မေလ ၉ ရက်နေ့တွင်ကျင်းပမည့် နှစ် ၈၀ ပြည့် ရင်ပြင်နီချီတက်ပွဲသို့ တက်ရောက်ရန် ယနေ့ မနက်ပိုင်းတွင် နေပြည်တော်၊ တပ်မတော်လေဆိပ်ကတစ်ဆင့် ထွက်ခွာသွားပြီဖြစ်ကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားသည်။
စာတည်း-ကိုဆန်း