By Chun Nrein / MPA
ULA/AA၏ နိုင်ငံရေးမှူးဖြစ်သည့် မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း တစ်ဦးဖြစ်သူ နိုင်ငံရေးသမားဦးဦးလှစောဟာ လည်ချောင်းကင်ဆာရောဂါ ကုသမှုခံယူရင်း အိန္ဒိယတွင် ကွယ်လွန်သွားကြောင်း သိရသည်။
မေလ ငါးရက်နေ့ အိန္ဒိယစံတော်ချိန် ည ၁၀နာရီဝန်းကျင်က ကွယ်လွန်သွားခြင်းဖြစ်ပြီး နိုင်ငံရေးသမားဦးဦးလှစောဟာ ကွယ်လွန်ချိန်တွင် အသက် ၇၂နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။
“လည်ချောင်းကင်ဆာက ဖြစ်နေတာကြာပြီ၊ ဒီရောဂါကို ခံစားနေချိန်မှာတောင် နိုင်ငံရေးမှူး တာဝန်ကို တပ်တော်မှာ ထမ်းဆောင်နေခဲ့တာ။ သူမရှိရင် မဖြစ်တဲ့ အခြေအနေတွေကြောင့် တပ်တော်ရဲ့ နိုင်ငံရေးတာဝန်တွေကို လုပ်နေရင်း တော်တော်လေးဆိုးဝါးလာပြီးမှ ဆေးကုတာ၊ ဆေးကုနေရတာက လေးလလောက်ရှိပါပြီ၊ အခုတော့ ဆုံးသွားပါပြီ။ အခုကတော့ ရခိုင်ကို ပြန်သယ်နေတယ်။ ရခိုင်မှာပဲ သင်္ဂြိုဟ်မယ်”ဟု ULA/AAနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
၁၉၅၃ခုနှစ် မေလ ၂၇ရက်နေ့တွင် မွေးဖွားခဲ့သည့် ဦးဦးလှစောကို ကျောင်းသားလှုပ်ရှားမှု၊ နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ၁၉၇၅ခုနှစ်တွင် စစ်အစိုးရက ထောင်ဒဏ် ၉နှစ်၊ ၁၉၈၈ အရေးတော်ပုံကာလတွင် ထောင်ဒဏ် ၁၄နှစ် ချမှတ်ခံခဲ့ရဖူးသည်။
၁၉၉၀ပြည့်နှစ် ရွေးကောက်ပွဲကာလက ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်တွင် ပါဝင်ခဲ့ပြီး စစ်အစိုးရက ယင်းပါတီကို တရားမဝင်ပါတီဖြစ်ကြောင်း ကြေညာပြီး ပါတီဖျက်သိမ်းလိုက်ရပြီးနောက် ကျူရှင်ဆရာအဖြစ် ရပ်တည်ခဲ့သူတစ်ဦးဖြစ်သည်။
“ယူကြုံးမရဖြစ်တယ်။ ဆရာဦးလှစောက ၈၈မတိုင်ခင်ကတည်းက နိုင်ငံရေးပုဒ်မတပ်ပြီး ထောင်ကျခံခဲ့ရသူလေ။ နှမြောတသလည်း ဖြစ်ရတယ်။ စံပြပုဂ္ဂိုလ်လည်းဖြစ်တယ်၊ လမ်းပြကြယ်လည်းဖြစ်တယ်။ ပါတီမှာဆိုလည်း စွမ်းစွမ်းတမံလုပ်ခဲ့သလို ULA/AAမှာရော၊ ကျောင်းသားသမဂ္ဂတွေမှာပါ စဉ်ဆက်မပြတ်လုပ်လာသူဖြစ်တယ်။ သူ့မွေးရပ်မြေဖြစ်တဲ့ မြောက်ဦးရဲ့ နိုင်ငံရေးမှူးလည်းဖြစ်တယ်။ အသက်သေတဲ့အထိ နိုင်ငံရေးကို မဆုတ်မနစ် လုပ်ခဲ့တာ။ ကွယ်လွန်ဖို့ အရွယ်တော့ မတိုင်သေးဘူးလို့ထင်တယ်”ဟု ဦးဦးလှစော၏ မိတ်ဆွေဖြစ်သူ ဝါရင့် နိုင်ငံရေးသမားတစ်ဦးက ပြောသည်။
ဦးဦးလှစောသည် ၂၀၁၀ပြည့်နှစ် ရွေးကောက်ပွဲကာလတွင် ရခိုင်တိုင်းရင်းသားများပါတိုးတက်ရေးပါတီကို တည်ထောင်ပြီး အထွေထွေအတွင်းရေးမှူးတာဝန်ကို ထမ်းဆောင်ခဲ့သလို ၂၀၁၃ခုနှစ်တွင် RNDP နှင့် ALD ပါတီ ပူးပေါင်းရေးအတွက် ဦးဆောင်ခဲ့သူတစ်ဦးလည်း ဖြစ်ခဲ့သည်။
ဦးဦးလှလှစောဟာ ၂၀၁၅ရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားပါတီ၏ မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရသလို ၂၀၂၂ခုနှစ်တွင်လည်း ULA/AA၏ ဗီတာမင်(၂)စစ်ဒေသ နိုင်ငံရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်မှာ ကွယ်လွန်ချိန်ထိဖြစ်သည်။
“ သူ့လို လူမျိုး နောက်ထပ် မရနိုင်တော့ဘူး။ နိုင်ငံရေးနယ်ပယ်မှာရော၊ တော်လှန်ရေးနယ်ပယ်မှာရော တော်တော်လေးကို ဆုံးရှုံးမှုကြီးမားတယ်။ ရခိုင်ပြည်သူလူထုအတွက်ရော၊ ULA/AAအတွက်ရော နိုင်ငံအတွက်ရော၊ တော်လှန်ရေးအတွက်ရောအပြင် ဖက်ဒရယ်ဒီမိုကရေစီအတွက်ပါ ဆုံးရှုံးမှုဖြစ်တဲ့အတွက် နှမြောတသဖြစ်မိတယ်”ဟု နိုင်ငံရေးအကျဉ်းသားဟောာင်းများအဖွဲ့ (FPPS)၏ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က ပြောသည်။
ဦးဦးလှစောကွယ်လွန်သွားမှုအတွက် ဝမ်းနည်းကြောင်း နိုင်ငံရေးသမားများနှင့် စာပေအသိုင်းအဝိုင်းများက ရေးသားပြောဆိုကြသလို ရခိုင့် နိုင်ငံရေးသမားတစ်ဦးဖြစ်သည့် ဦးဖေသန်းကလည်း ““ကျောင်းသားဘဝကနေ နောက်ဆုံးဘဝသက်တမ်းကုန်ဆုံးတဲ့အချိန်ထိ စစ်မှန်တဲ့ နိုင်ငံရေးသမားတစ်ယောက်အဖြစ်ရပ်တည်သွားခဲ့တဲ့ဆရာ့ကို အထူးလေးစားဂုဏ်ယူပါတယ်ဆရာ။ ဆရာ့ရဲ့သမိုင်းက ကျနော်တို့ရဲ့ ရင်ထဲမှာဘယ်တော့မှ မမေ့မပျောက် စွဲထင်ကျန်ရစ်မှာဖြစ်ပါတယ်”ဟု ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။
ဦးဦးလှစောသည် ၁၉၇၀ ပြည့်လွန်နှစ်များတွင် တက္ကသိုလ်နယ်မြေ၏ မြေအောက် ကျောင်းသားလှုပ်ရှားမှုများ၊ ခေတ်ပေါ်ကဗျာ လှုပ်ရှားမှုတို့တွင် ထဲထဲဝင်ဝင် ပါဝင်လှုပ်ရှားခဲ့သည်။
၎င်းသည် မောင်ခိုင်အောင်၊ မောင်ခိုင်အောင်(စစ်တွေ) ကလောင်နာမည်ဖြင့် အက်ဆေး၊ ကဗျာများရေးသားခဲ့ကာ အမင်၊ အန်းဖရန့်ဒိုင်ယာရီ၊ မြောက်ဦးနှင့် မြောက်ဦးဗေဒ ရသစာတမ်းများ၊ ကျောင်း၊ ကင်ဗာရာစာတမ်း (၂၀၁၃)၊ ဒိုင်ယာစပိုရာ၊စံသာဖြူ အောင်လှဇံ (မြောက်ဦးဗေဒ ရသစာတမ်းများ)၊ အိုင်ရင်းနှင့်အိဗ်ကျူရီ စသည့်စာအုပ်များကို ရေးသားခဲ့သည်။