By Chun Nrein / MPA
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) အနေဖြင့် စစ်ကောင်စီ မပြုတ်မချင်း တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း TNLA၏ တွဲဖက်အထွေထွေအတွင်းရေးမှူး – ၂ ဗိုလ်မှူးကြီး တားပန်လက ပြောသည်။
PSLF/TNLA မှ လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေး၊ စစ်ရေးအခြေအနေနှင့် ဧပြီ တစ်လတာ လှုပ်ရှားမှု အခြေအနေများနှင့်ပတ်သက်ပြီး မေ လေးရက်တွင် ပြုလုပ်သည့် အွန်လိုင်းသတင်းစာရှင်းလင်းပွဲ၌ မီဒီယာများ၏ မေးမြန်းမှုကို ဗိုလ်မှူးကြီး တားပန်လက ပြန်လည်ဖြေကြားရာ၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“ နိုင်ငံပြန်လည်ပြီးမှ ထူထောင်နိုင်ဖို့ အတွက် ငြိမ်းချမ်းနိုင်ဖို့အတွက်ဆိုရင် တိုက်ပွဲကတော့ ဆက်လက်ပြီးမှ ဆောင် ရွက်သွားရမှာ ဖြစ်ပါတယ်။ ဘယ်နေ့ ဘယ်နေရာ ဘယ်လိုလုပ်မလဲ ဆိုတာတော့ ပြောပြဖို့ခက်ပါတယ်။ ဒါပေမဲ့ သေချာတာကတော့ စဉ်ဆက်မပြတ် တစိုက်မတ်မတ် ဆက်လက်ဆောင်ရွက်သွားဖို့ရှိပါတယ်။ အခုလောလောဆယ်က တစ်ဘက်သတ်အပစ်အခတ်ရပ်စဲရေးပြီးသွားပြီ ဆိုရင်တော့ ကျတော်တို့ ဆက်လက်ပြီးမှပဲ တစ်နိုင်ငံလုံးမှာ ရှိနေတဲ့ အာဏာရှင်စနစ် ချုပ်ငြိမ်းသွားအောင် တစိုက်မတ်မတ် ဆက်လက်ဆောင်ရွက်သွားဖို့ရှိပါတယ်” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တရုတ်နိုင်ငံ ကူမင်းမြို့၌ စစ်ကောင်စီနှင့် TNLA တို့ကြား ငြိမ်းချမ်းရေးဆွေးနွေးခဲ့ကြသော်လည်း TNLA သိမ်းပိုက်ထားသော မြို့ ငါးမြို့ကို စစ်ကောင်စီက တောင်းသည့်အတွက် ဆွေးနွေးပွဲ မအောင်မြင်ဘဲ သိမ်းပိုက်ထားသော မြို့များကိုလည်း စစ်ကောင်စီထံ ပြန်ပေးရန် အစီစဉ်မရှိကြောင်း သိရသည်။
စစ်ကောင်စီက မိုးကုတ်၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်မြို့များ မှ TNLAတပ်များ ပြန်လည်ဆုတ်ခွာပေးရန် တောင်းဆိုထားသော်လည်း စစ်ကောင်စီ တောင်းဆိုချက်ကို လိုက်လျောရန်မရှိ၊ ပြန်လည်ဆုတ်ခွာခြင်းမရှိဟု TNLA သတင်းပြန်ကြားရေးဌာနတာဝန်ခံ လွေးယေဦးက ပြောသည်။
” ကျမတို့ကတော့ ကျမတို့ မျှော်မှန်းချက် ပန်းတိုင်ဖြစ်တဲ့ အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းရမှာ ဖြစ်ပါတယ်။ကျမတို့ ပါဝင်တဲ့ အခန်းကဏ္ဍ ပါဝင်နိုင်တဲ့နည်းလမ်းတွေရှာဖွေပြီးတော့မှ ဒီအာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းတဲ့အထိ ပြည်သူနဲ့အတူ ဆောင်ရွက်မှာ ဖြစ်ပါတယ်” ဟု လွေးယေဦးက ပြောသည်။
TNLA တပ်ကို တရုတ်က ခြိမ်းခြောက်မှုများ ပြုလုပ်နေပြီး တရုတ် နယ်စပ်တစ်လျောက်နှင့် ဂတ်စ်ပိုက်လိုင်းစီမံကိန်းများ၊ တရုတ်စီမံကိန်းများ၊ တရုတ်၏ ကိုယ်ကျိုးစီးပွား ရှိသောနေရာများတွင် တိုက်ပွဲမဖော်ဆောင်ရန် တရုတ်က ဖိအားပေးနေကြောင်း သိရသည်။
“တရုတ်ရဲ့ ဖိအားအခြေအနေကို လျှော့မတွက်ဖို့လိုတယ်။ ရှေ့မှာ လားရှိုးနဲ့ MNDAAဖြစ်စဉ်က သက်သေဖြစ်တယ်။ တော်လှန်ရေးအင်အားစုတွေကြားမှာ တရုတ်ရဲ့ ဖိအားကို တန်ပြန်လုပ်နိုင်ဖို့ ပြင်ဆင်ဖော်ဆောင်နိုင်မလဲဆိုတာက အချိန်အခါကျလာပြီဖြစ်တယ်။ တရုတ်ရဲ့ ဖိအားကို ဆန့်ကျင်နေရုံနဲ့တော့ အဖြေရှာနိုင်မှာ မဟုတ်ဘူး”ဟု MDSIရဲ့ စစ်ဘက်သုတေသနတာဝန်ခံ ကိုနောင်ရိုးက ပြောသည်။
တအာင်းတပ် TNLA၊ ကိုးကန့်တပ်(MNDAA)၊ အာရက္ခတပ်တော်(AA)တို့သည် ငလျင်ဘေးကြောင့် တဘက်သတ်အပစ်အခတ်ရပ်စဲရေး ကြေညာမှုကို ဧပြီ တစ်လလုံး သတ်မှတ်ကြေညာခဲ့သလို ယခု မေလကုန်အထိ ထပ်မံသက်တမ်းတိုး ကြေညာထားပြီး ထိုးစစ်ဆင်မည်မဟုတ်ဘဲ ခုခံကာကွယ်စစ်ကိုသာ ဆောင်ရွက်မည်ဟု သိရသည်။