By Ko Paing / MPA
၂၀၂၅ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား သားဖြစ်သူ ကိုထိန်လင်း (Kim Aris) က လက်ခံရယူမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ၁၆ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဂုဏ်ပြုမှုအဖြစ် ဒေါ်အောင်ဆန်းစုကြည်အား သတ်မှတ်ခဲ့ပြီး ဂုဏ်ပြုပွဲကို ၂၀၂၅ ခုနှစ်၊ မေလ ၂၄ ရက်တွင် တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့၌ ကျင်းပ မည်ဖြစ်ရာ ကိုထိန်လင်း ကိုယ်တိုင်ကိုယ်ကျ ဆုလက်ခံရယူမည်ဖြစ်ကြောင်း ပြည်သူ့ဂုဏ်ရည်အသင်းက သတင်းထုတ်ပြန်သည်။
“မေမေ့အနေနဲ့ အခုလို ဂုဏ်ပြုတာကို တယောက်တည်းရတဲ့ ဂုဏ်ထူးဆောင်ဘွဲ့တခုအဖြစ် ရှုမြင်မှာမဟုတ်ဘဲ၊ မတရားမှုကို ဆက်လက်ဆန့်ကျင် ရပ်တည် နေကြတဲ့ မြန်မာပြည်သူတွေရဲ့ စိတ်ဓာတ်နဲ့ ရဲစွမ်းသတ္တိကို ဂုဏ်ပြုတဲ့ဆုအဖြစ် မှတ်ယူမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်”ဟု ကိုထိန်လင်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာပြည်သူများအတွက် ဘဝတလျှောက်လုံးအားထုတ်ကြိုးပမ်းမှု၊ မေတ္တာထားမှုနှင့် နိုင်ငံရေး ဦးဆောင်မှုတို့အပြင် မတရားဖမ်းဆီးချုပ်နှောင်ခြင်းခံနေရသော်လည်း ရက်စက်ကြမ်းကြုတ်သော စစ်အာဏာရှင်စနစ်အား မမှိတ်မသုန် ဆန့်ကျင်၊ ခုခံမှုတို့အတွက် ဦးညွှတ်ဂုဏ်ပြုခြင်းဖြစ်ကြောင်း ပြည်သူ့ဂုဏ်ရည်အသင်းက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် စစ်အုပ်စု၏မတရားအကျဥ်းချခြင်းခံနေရသော်လည်း မြန်မာပြည်သူ လူထုအတွက် မျှော်လင့်ချက်နှင့် ခံနိုင်ရည်ရှိမှု ပြယုဂ်တခုအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်ကြောင်း လည်း ဆိုသည်။
“ဒီနေ့ဒီအချိန်အထိ မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍဟာ မဟာဗျူဟာမြောက် တည်ရှိနေဆဲပါပဲ။စစ်အာဏာရှင်တွေကို ဆန့်ကျင်ခုခံနေတဲ့ ဒေါ်အောင်ဆန်းစု ကြည်ရဲ့ မကြောက်တရားဟာ ကျတော်တို့ရဲ့ စံပါပဲ။မြန်မာ့နွေဦးမှာ နိုင်ရာဝန်ထမ်းပိုးနေတဲ့ ကိုထိန် လင်းကိုလည်း ကျေးဇူးအထူးတင်ရပါမယ်”ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးအကျဉ်းသား ဟောင်းတစ်ဦးက MPA သို့ ပြောသည်။
၁၅ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုမှုအဖြစ် နွေဦးတော်လှန်ရေးတွင် ပါဝင်နေသော လူငယ်များ၏ တီထွင်ဖန်တီးမှုနှင့် ထုတ်လုပ်မှုများ ၊ ၁၄ ကြိမ်မြောက်တွင် ပြည်သူ့သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ကို ချီးမြှင့်ခဲ့သည်။