By Nway / MPA
မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၊ ယင်းတော်ရွာအခြေစိုက် ခမရ ၄၁၇ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသုံးဦး လက်နက်များနှင့် အလင်းဝင်လာကြောင်း မင်းဘူးခရိုင် အမှတ်နှစ်တပ်ရင်းက ယနေ့ (မေလ လေးရက်) သတင်းထုတ်ပြန်သည်။
၎င်းတို့သုံးဦးသည် မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်း တာဝန်ကျစဉ် အလင်းဝင်လာ ခြင်းဖြစ်ပြီး နှစ်ဦးမှာအောင်လံမြို့နှင့် စလင်းမြို့တို့တွင် ဈေးထဲ၌ ဈေးဝယ်နေစဉ်ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။ကျန်တစ်ဦးမှာ နေပြည်တော်၌ လက်ဖက်ရည်ဆိုင် ထိုင်နေစဉ် ဖမ်းဆီးခံလိုက်ရပြီး ၎င်းတို့သည် ခမရ ၄၁၇ တပ်ရင်း၌ စစ်သင်တန်းတက်ခဲ့ရကြောင်း မင်းဘူးခရိုင်အမှတ်နှစ်တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
“ ရပ်ကွက်ထဲမှာ လက်ဖက်ရည်ဆိုင်ထိုင်ရင်းသား၊ ဈေးထဲမှာဈေးဝယ်ရင်းသား ပေါ်တာဆွဲခံရတာပါ။ ကျတော်တို့ကငဖဲမြို့နယ်အခြေစိုက်တပ်ရင်းဖြစ်တဲ့အတွက် ကျတော်တို့ကိုချိတ်ဆက်လာတာပါ” ဟု ၎င်းက MPA သို့ပြောသည်။
ယင်းတပ်သားသုံးဦးသည် သေနတ်သုံးလက်၊ကျည်ဘောက်၊ကျည်ဆန်နှင့် စစ်အသုံးအဆောင်ပစ္စည်း တို့နှင့်အလင်းဝင်လာခြင်းဖြစ်ပြီး ဆုကြေးငွေများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
” အနည်းဆုံး ၁၀ သိန်းပါဗျ။ တစ်ယောက် တစ်ယောက်မတူလို့ အတိအကျပြောလို့မရပါဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။
၎င်းတို့သုံးဦး လုပ်ချင်သည့် ဆန္ဒအတိုင်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဟုလည်း ၎င်းကပြောသည်။
လက်နက်ချ၍ ပြည်သူနှင့် ပူးပေါင်းလိုသည့် စစ်ကောင်စီတပ်သားများကို မင်းဘူးခရိုင် အမှတ်နှစ်တပ်ရင်းက လက်ခံကြိုဆိုလျက်ရှိကြောင်းလည်း ထုတ်ပြန်ထားသည်။