By Chun Nrein / MPA
စစ်ကောင်စီတောင်းသည့်မြို့များကို မပေးနိုင်ဟု PSLF/TNLA တွဲဖက်အထွေထွေအတွင်းရေးမှူး-၂ ဗိုလ်မှူးကြီး တားပန်လက ပြောကြားလိုက်သည်။
ကူမင်းဆွေးနွေးပွဲတွင် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်၊ နမ့်ဆမ်၊ မန်တုံနှင့် မိုးကုတ်မြို့နယ်တို့မှ TNLAတပ်များစွန့်ခွာပြီး ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများဖြစ်သည့် နမ့်ဆန်နှင့် မန်တုံနေရာများအထိ ဆုတ်ခွာပေးရန် စစ်ကောင်စီက တောင်းဆိုခဲ့ကြောင်း ယနေ့(မေလလေးရက်) ကျင်းပသည့် TNLA သတင်းစာရှင်းလင်းပွဲ၌ ၎င်းက ပြောသည်။
“လားရှိုးလိုဖြစ်စဉ်မျိုးမဖြစ်ရအောင် ကျတော်တို့ မဟာမိတ်တွေနဲ့ ညီညီညွတ်ညွတ်သွားမယ်ဆိုရင် တော့ ကျော်လွှားနိုင်မယ်လို့ ယူဆပါတယ်။ ဆွေးနွေးပွဲမှာ နှစ်ဖက်သဘောတူညီမရသေးသရွေ့က တော့ တိုက်ပွဲတွေက ဆက်ရှိနေမှာဖြစ်တယ်”ဟု ဗိုလ်မှူးကြီး တားပန်လက ပြောသည်။
TNLA ကို ကိုးကန့်တပ်ဖွဲ့ MNDAA ကဲ့သို့ တစ်ဆင့်တိုး အပစ်ခတ်ရပ်စဲရေး ပြုလုပ်နိုင်ရန်အတွက် တရုတ် အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းက ကမကထပြု အလေးထားကြိုးပမ်းပြီး နှစ်ဖက်တွေ့ဆုံမှုများ အလျင်အမြန်တိုးတက်လာစေရန် ဆောင်ရွက်နေကြောင်းသိရသည်။
“ဒီဆွေးနွေးပွဲမှာ နှစ်ဖက်တွေ့ဆုံနိုင်အောင် တရုတ်က စီစဉ်ပေးတာဖြစ်တယ်။ အဖြေထွက်အောင် လုပ်ဆောင်နိုင်ဖို့က တရုတ်အစိုးရရဲ့ ပါဝင်ကူညီမှုက အလွန်အရေးကြီးပါတယ်။ တရုတ်က ကြားဝင်ဆွေးနွေးပေမဲ့ ကိုယ့်နိုင်ငံအရေးဖြစ်တာကြောင့် အရပ်သားတွေရဲ့ ဆုံးဖြတ်ချက်ကသာ အဓိကဖြစ်တယ်”ဟု ဗိုလ်မှူးကြီး တားပန်လက ထပ်မံပြောသည်။
စစ်ကောင်စီက ပစ်ခတ်တိုက်ခိုက်မှုများ အားလုံးရပ်တန့်ရန်၊ တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းပြန်လည်ဖွင့်လှစ်နိုင်ရန်နှင့် ဒေသတည်ငြိမ်အေးချမ်းရန် တရုတ်က ကြားဝင်ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တရုတ်၏ စီစဉ်မှုအရ ဧပြီ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် ပြုလုပ်သည့် TNLA နှင့် စစ်ကောင်စီတို့၏ ကူမင်းဆွေးနွေးပွဲမှာ သဘောတူညီမှုမရခဲ့ပေ။
နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်၊ နမ့်ဆမ်၊ မန်တုံနှင့် မိုးကုတ်မြို့နယ်တို့ကို ၁၀၂၇စစ်ဆင်ရေးအတွင်း TNLAက သိမ်းပိုက်ထိန်းချုပ်ခဲ့သည်။