By MPA
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့အများစုကို ထိန်းချုပ်ထားသည့် မြောက်ပိုင်းမဟာမိတ်ညီနောင် သုံးဖွဲ့အနက် တစ်ဖွဲ့အပါအဝင်ဖြစ်သည့် TNLA ကို တရုတ်က ခြိမ်းခြောက်မှုများ ပြုလုပ်နေကြောင်း PSLF/TNLA တွဲဖက်အထွေထွေအတွင်းရေးမှူး-၂ ဗိုလ်မှူးကြီး တားပန်လက ပြောသည်။
PSLF/TNLA မှ လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေး၊ စစ်ရေးအခြေအနေနှင့် ဧပြီ တစ်လတာ လှုပ်ရှားမှု အခြေအနေများနှင့်ပတ်သက်ပြီး ယနေ့ (မေ လေးရက်)တွင် ပြုလုပ်သည့် အွန်လိုင်းသတင်းစာရှင်းလင်းပွဲ၌ မီဒီယာများ၏ မေးမြန်းမှုကို ဗိုလ်မှူးကြီး တားပန်လက ပြန်လည်ဖြေကြားရာ၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“ အားလုံးလည်း သိမှာပါ။ ပြီးခဲ့တဲ့နှစ်တုန်းက စာတွေပေးပို့ခံရတယ်။ ခြိမ်းခြောက်မှုတွေက ရှိပါတယ်။ ခြိမ်းခြောက်မှုဆိုတာထက် ဖိအားပေးမှုတွေလို့ပဲပြောရမှာပေါ့နော်။ နှုတ်နဲ့ရော၊ စာနဲ့ရော ဖိအားပေးမှုတွေရှိပါတယ် ” ဟု ဗိုလ်မှူးကြီး တားပန်လက ပြောသည်။
ထို့ပြင် တရုတ်နိုင်ငံ၏ လုပ်ဆောင်ချက်များသည် PSLF/TNLA ကိုဖိအားပေးမှုထက် လူထုကို ဖိအားပေးမှုအဖြစ် ပိုမိုသက်ရောက်ကြောင်း ၎င်းက ဆိုသည်။
“ နယ်စပ်မှာ ရှိတဲ့ သူတွေက နယ်စပ်ကို အမှီပြုပြီး စားဝတ်နေရေးကိစ္စဖြေရှင်းနေရတယ်။ နယ်စပ်ကို ပိတ်လိုက်တဲ့ အတွက် စားဝတ်နေရေးခက်ခဲရတယ်။ ပြည်သူလူထုက တော်တော်လေးကို ခံစားရပါတယ် ” ဟု ဗိုလ်မှူးကြီး တားပန်လက ဆိုသည်။
ပြီးခဲ့သည့် ဧပြီ ၂၈ရက်နှင့် ၂၉ရက်က တရုတ်နိုင်ငံ၏ ညှိနှိုင်းမှုဖြင့် စစ်ကောင်စီနှင့် PSLF/TNLAတို့ တရုတ်နိုင်ငံ ကူမင်းမြို့တွင် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့သော်လည်း စစ်ကောင်စီက မဖြစ်နိုင်သည့် အချက်များတောင်းဆိုမှုကြောင့် ဆွေးနွေးပွဲအောင်မြင်မှုမရှိဘဲ ပြီးဆုံးခဲ့ရသည်။