By Mg Dagon / MPA
ပြည်သူ့စစ်မှုထမ်းဥပဒေကိုအတည်ပြုခဲ့သော စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ပြည်ပထွက်အလုပ်လုပ်ခြင်းထက် ဘဝလုံခြုံမှုရှိသည့် ပြည်တွင်း၌ အလုပ်လုပ်ကြရန်လိုအပ်သည်ဟု ပြောကြားလိုက်သည်။
ယနေ့ မေလ ၁ ရက်တွင်ကျရောက်သည့် ၈၇ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့(မေဒေးနေ့)အတွက် ပေးပို့သည့် သဝဏ်လွှာအတွင်း ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားလိုက်ခြင်းဖြစ်သည်။
“ပြည်ပသို့ သွားရောက်လုပ်ကိုင်မှုများကြောင့် ပြည်တွင်းတွင် အလုပ်သမားရှားပါးမှုများ ဖြစ်ပေါ်လျက်ရှိသဖြင့် ပြည်ပသို့သွားရောက် လုပ်ကိုင်ခြင်းထက် ဘဝလုံခြုံမှုရှိသည့် ပြည်တွင်း၌ လုပ်ကိုင်နိုင်ရေးတို့ကိုဆောင်ရွက်ရန် လိုအပ်ပါတယ်” ဟု စစ်အာဏာသိမ်းခေါင်းဆောင်က ပြောသည်။
စစ်ကောင်စီအနေဖြင့် တိုင်းနှင့် ပြည်နယ်အချို့တွင် အလုပ်အကိုင်ပြပွဲ(Job Fair)များကျင်းပကာ တစ်နေရာတည်းတွင်အပြီးအစီးဝန်ဆောင်မှု (One Stop Service)စနစ်ဖြင့် အလုပ်ခန့်နိုင်အောင် အလုပ်ရှင်များနှင့် ပူးပေါင်းစီစဉ်ပေးနေသည်ဟု ၎င်းက ပြောသည်။
ထိုသို့ပြည်တွင်းအပြင် ပြည်ပနိုင်ငံများတွင်လည်း အလုပ်ရရှိစေရန် သတ်မှတ်ချက်များနှင့်အညီ လုပ်ဆောင်ပေးနေသည်ဟု စစ်မှုထမ်းသက်အကြုံးဝင်သည့်လူငယ်များ၏ ပြည်ပထွက်ခွင့်ကို နည်းအမျိုးမျိုးဖြင့်လိုက်လံကန့်သတ်နေသည့် စစ်ကောင်စီခေါင်းဆောင်က ပြောသည်။
စစ်ကောင်စီ၏ စီးပွားရေးမူဝါဒကြီးတစ်ခုအနေဖြင့် နိုင်ငံ့စီးပွားနှင့် လူမှုစီးပွားဘဝမြင့်မားရေးတို့အတွက် ဒေသအလိုက် သဘာဝထွက်ကုန်များကို အခြေခံသော အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း(MSME)များကို အားပေးမြှင့်တင်ပေးနေသည်ဟုလည်း ၎င်းက ပြောသည်။
“အလုပ်သမားအဖွဲ့အစည်း (၃၁၁၆)ဖွဲ့နဲ့ အလုပ်ရှင်အဖွဲ့အစည်း(၂၈)ဖွဲ့တို့ကို ဖွဲ့စည်းနိုင်ခဲ့ပြီး ကုန်ထုတ်လုပ်မှုတိုးတက်ကာ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုနဲ့ အလုပ်သမားတွေရဲ့ အခွင့်အရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပေးနေတယ်” ဟု ပြည်တွင်းက ပိတ်လိုက်ရသည့်စက်ရုံထောင်နှင့်ချီကို မျက်ကွယ်ပြုပြီး အာဏာသိမ်းခေါင်းဆောင်က ဝံ့ဝံ့ကြွားကြွားပြောသည်။
၎င်းက ထိုသို့ပြောဆိုနေသော်လည်း ရန်ကုန်မြို့ရှိ စက်ရုံအချို့တွင် လုပ်ကိုင်နေကြသည့် စက်ရုံဝန်ထမ်းများကမူ ဘဝလုံခြုံမှုမရှိသည့်အပြင် ဝင်ငွေမှာလည်း လောက်ငှမှုမရှိကြောင်း ပြောသည်။
“ဘဝလုံခြုံမှုဆိုတာ ဘာလဲ” ဟု ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်အတွင်းရှိ စက်ရုံကြီးတစ်ခုတွင် လက်ရှိလုပ်ကိုင်နေသည့် ဝန်ထမ်းအမျိုးသမီးငယ်တစ်ဦးက ပြောသည်။
စက်ရုံလုပ်သားများအနေဖြင့် စက်ရုံတာဝန်ရှိသူများ၏ အနိုင့်အထက်ပြုမှုများကို နေ့စဉ် ကြောက်လန့်နေရသည့်အပြင် စစ်သားစုဆောင်းခြင်းဖြစ်သည့် အဓမ္မပေါ်တာဆွဲခြင်း၊ အလုပ်မှ ရပ်နားခြင်းခံရမည့်အရေးတို့ကို နေ့စဉ်စိုးရိမ်ပူပန်နေရသည်ဟု ပြောသည်။
“အလုပ်ပြုတ်မယ့်အရေး တွေးပူနေရတယ်။ လစာတိုးဖို့ဆိုတာ ဝေလာဝေးပဲ။ သူတို့ပြောတဲ့ တစ်ရက်လုပ်ခသတ်မှတ်ချက်က မြေပြင်မှာ ဘာမှမဟုတ်ပါဘူးဗျာ။ စစ်မှုထမ်းစုဆောင်းမှုကိုလည်း ကြောက်နေရတယ်။ စစ်ဝတ်စုံမြင်ရင်ကို သွေးက နားထင်ရောက်နေရတယ်” ဟု အသက် ၂၀ စွန်းစွန်းအရွယ်ရှိ စက်ရုံဝန်ထမ်းအမျိုးသားတစ်ဦးက ပြောသည်။
အထည်ချုပ်စက်ရုံများပေါများသည့် ရွှေပြည်သာစက်မှုဇုန်များအတွင်း ပြည်ပနိုင်ငံများက မှာယူမှုအပေါ်အခြေခံပြီး အလုပ်လုပ်နေရခြင်းဖြစ်သဖြင့် အမှာ(Order)ရှိသည့်လများတွင် ဝင်ငွေပုံမှန်ရရှိသော်လည်း မရှိပါက ပုံမှန်ဝင်ငွေလျော့ကျရရှိနေကြသည်ဟု သိရသည်။
“အော်ဒါရှိတဲ့လဆိုရင်တော့ အဆင်ပြေတယ်။ အလုပ်တော့ ပင်ပန်းတာပေါ့။ နေ့ရော၊ ညရောလုပ်ရတယ်။ မရှိရင်တော့ ဖောရှောပဲ။ ဝင်ငွေလည်း မကောင်းဘူးပေါ့။ နိုင်ငံခြားထွက် အလုပ်လုပ်ဖို့လည်း ကြားရတဲ့သတင်းတွေက မကောင်းတော့ မထွက်ရဲဘူး။ ကလေးအသေးလေးနှစ်ယောက်ကလည်းရှိနေတော့လေ” ဟု အထည်ချုပ်စက်ရုံတစ်ခုတွင် စက်ပြင်ဝန်ထမ်းအဖြစ်လုပ်ကိုင်နေသည့် အမျိုးသားတစ်ဦးက ပြောသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် မြန်မာ့နိုင်ငံရေးအကျပ်အတည်းဖြစ်ပေါ်ခဲ့ပြီး စီးပွားရေး၊ လူမှုရေးတို့တွင် အခက်အခဲအကျပ်အတည်းပေါင်းများစွာကို ပြည်သူလူထုအနေဖြင့် တဖြည်းဖြည်းရင်ဆိုင်ကြုံတွေ့လာခဲ့ကြရသည်။
မြန်မာနိုင်ငံအတွင်း အာဏာမသိမ်းမီ ကိုဗစ် ၁၉ ကပ်ရောဂါကာလ ၂၀၂၀ ပြည့်နှစ်တွင် အလုပ်လက်မဲ့နှုန်း သုည ဒသမ ၁၇ ရာခိုင်နှုန်း၊ အာဏာသိမ်းအပြီး ၂၀၂၁ ခုနှစ်တွင် ၁ ဒသမ ၃၃ ရာခိုင်နှုန်း၊ ၂၀၂၂ ခုနှစ်တွင် ၂ ဒသမ ၅၃ ရာ ခိုင်နှုန်းနှင့် ၂၀၂၃ ခုနှစ်တွင် ၃ ဒသ မ ၆၉ ရာခိုင်နှုန်းအထိ နှစ်စဉ်မြင့်မားလာခဲ့သည်ဟု အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ်(ILO)၏ အစီရင်ခံစာများအရ သိရသည်။
ထိုသို့စစ်အာဏာသိမ်းဒဏ်ကြောင့် ပြည်ပထွက်ခွာမှုမြင့်တက်နေချိန် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် စစ်အစိုးရရေးဆွဲခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက အတည်ပြုခဲ့ပြီးနောက် လူငယ်လူရွယ်အများအပြား ပြည်ပထွက်ခွာမှုမှာ ပိုမိုမြင့်တက်ခဲ့ပြီး စစ်ကောင်စီဘက်ကလည်း နယ်စပ်ဂိတ်များအပါအဝင် လေဆိပ်များမှ လူငယ်လူရွယ်များပြည်ပထွက်မှုကို နည်းအမျိုးမျိုးဖြင့် ကန့်သတ်ခဲ့သည်။
လတ်တလော မြန်မာအိမ်နီးချင်းထိုင်းနိုင်ငံတွင် အာဏာသိမ်းမှု လေးနှစ်ကျော်အတွင်း ရွှေ့ပြောင်းမြန်မာလုပ်သား ၇ သန်းနီးပါးအထိ မြင့်တက်လာကြောင်း ထိုင်းရောက်အလုပ်သမားအရေးလိုက်ပါဆောင်ရွက်ပေးနေသည့်အဖွဲ့များ၏ စစ်တမ်းအရ သိရသည်။
စာတည်း-ကိုဆန်း