By Mg Dagon / MPA
ပဲခူးတိုင်း၊ ပဲခူးမြို့တွင် လူငယ်များဖွံ့ဖြိုးတိုးတက်ရန်ဟုဆိုကာ ရွှေမော်ဓောဘုရားလမ်းနှင့် ရှင်စောပုလမ်းထောင့်ရှိ လူငယ်စင်တာကို ယမန်နေ့ ဧပြီ ၂၉ ရက် နံနက်ပိုင်း၌ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စတင်ဖွင့်လှစ်လိုက်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။
ပဲခူးတွင် စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အဓမ္မစစ်သားစုဆောင်းခြင်းများကြောင့် လူငယ်အများအပြား ဘေးလွတ်ရာဒေသများအပါအဝင် နိုင်ငံခြားနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံသို့ ဝင်ရောက်ရှောင်တိမ်းနေရချိန်ဖြစ်သည်။
“လူငယ်တွေကတော့ ကြောက်ပြီး ပြည်ပလစ်ကုန်ကြပြီလေ။ ၆၀ ကျော်အရွယ် လူငယ်လေးတွေပဲ ရှိတော့တာ” ဟု ပဲခူးမြို့ခံ အမျိုးသားတစ်ဦးက အငေါ်တူးပြီး ပြောသည်။
စစ်ကောင်စီ၏ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် လူငယ်အများ အဓိကနေရာက ပါဝင်နိုင်ရေးအတွက် လူငယ်စင်တာများ ဖွင့်လှစ်ပေးရခြင်းဖြစ်သည်ဟု ပြောသည်။
လူငယ်များအနေဖြင့် ယခုလူငယ်စင်တာကို အကျိုးရှိရှိ အသုံးချပြီး ဖွံ့ဖြိုးတိုးတက်သည့် လူ့အဖွဲ့အစည်းကို ဖန်တီးပုံဖော်ရာတွင် ပါဝင်နိုင်သူများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဥက္ကဋ္ဌတာဝန်လည်းယူထားရသည့် ၎င်းက ပြောသည်။
“ဘာတွေပြောနေပြောနေ လူငယ်တွေက အကုန်ပြည်ပထွက်ကုန်ကြပြီ။ ဟိုမှာအဆင်ပြေပြေမပြေပြေ ပြေးကြတော့တာပဲ” ဟု ပဲခူးမြို့ခံ အသက် ၄၀ ဝန်းကျင်ရှိ အမျိုးသမီးတစ်ဦးက ပြောသည်။
လူငယ်စင်တာအဆောက်အဦအတွင်း GYM ခန်းမ၊ အနုပညာ(ဂီတ)ခန်းမ၊ စာကြည့်တိုက်၊ ရုံးခန်း၊ ကွန်ပျူတာခန်းမ၊ အနုပညာ(ပန်းချီ)ခန်း၊ သက်မွေးသင်တန်းခန်းတို့ထည့်သွင်းထားသည်ဟု စစ်ကောင်စီထုတ်ပြန်ချက်အရ သိရသည်။
“ကျနော်တို့နယ်ဘက်မှာတော့ တချို့ မဲအရပါသွားတာလေးတွေရှိတယ်။ နည်းနည်းတော့ကြာပြီ။ ဒီနောက်ပိုင်းတော့ လူတော့ ပါတယ်မကြားရဘူး။ ပိုက်ဆံပုံမှန်ထည့်ရတယ်” ဟု ပဲခူးတိုင်း၊ ကဝမြို့မှ ဒေသခံတစ်ဦးက ပြောသည်။
ပဲခူးတိုင်းအတွင်း စစ်ကောင်စီထိန်းချုပ်ထားနိုင်သေးသည့် အခြားဒေသများကဲ့သို့ စစ်သားစုဆောင်းခြင်းများကို မဲနှိုက်ရွေးချယ်သည့်စနစ်ဖြင့် တရားဝင်လုပ်ဆောင်လေ့ရှိကြသော်လည်း အိမ်ပေါ်ထိတက် ပေါ်တာဆွဲခြင်း၊ လမ်းမပေါ်တွင် ဖမ်းဆီးခြင်းများကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် အပေါင်းအပါများက ပေါ်ပေါ်ထင်ထင်လုပ်လေ့ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့က အတည်ပြုခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် စစ်ကောင်စီက အမှတ်စဉ် ၁၂ ခုအထိ ခေါ်ယူထားပြီးဖြစ်ပြီး အမှတ်စဉ် ၉ အထိ သင်တန်းဆင်းပြီးဖြစ်သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် အပေါင်းအပါများသည် မတ်လ ၂၈ ရက် အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့သည့်ကြားမှ စစ်သားစုဆောင်းခြင်းများကို ရပ်တန့်ခြင်းမရှိဘဲ အမှတ်စဉ် ၁၃ အတွက် အဓမ္မလူစုဆောင်းခြင်းများ၊ ငွေကြေးကောက်ခံမှုများကို ရန်ကုန်အပါအဝင် စစ်ကောင်စီထိန်းချုပ်ထားနိုင်သေးသည့်ဒေသများတွင် ပြုလုပ်လျက်ရှိကြောင်း သိရသည်။