By Nway / MPA
နိုင်ငံတကာ၊ ဒေသတွင်းနှင့် အိမ်နီးချင်းနိုင်ငံများအနေဖြင့် စစ်ကောင်စီ၏ သဘာဝဘေးအန္တရာယ်မှ အမြတ်ထုတ်မှုများကို သတိထား စောင့်ကြည့်ရန် NUG အစိုးရက တိုက်တွန်းလိုက်သည်။
ဧပြီ ၂၉ရက်၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကပြုလုပ်သည့် ပြည်သူလူထုနဲ့နိုင်ငံကာသို့ သတင်းစကားပြောကြားခြင်းအစီအစဉ်၌ နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ယင်းသို့ တိုက်တွန်းခဲ့ခြင်းဖြစ်သည်။
” လက်ရှိမှာ မြန်မာပြည်သူလူထုအပေါ် မအလနဲ့စစ်ကောင်စီက အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေတာကို အာဆီယံအနေနဲ့ လျစ်လျူမရှုဖို့အရေးကြီးပါတယ်။ အကြမ်းဖက်လုပ်ရပ်တွေကို လျစ်လျူရှုထားမယ်ဆိုရင် မြန်မာနိုင်ငံမှာ ငြိမ်းချမ်းတည်ငြိမ်မှု တည်ဆောက်တဲ့လုပ်ငန်းစဥ်ကို ထိရောက်စွာကူညီပေးနိုင်မှာမဟုတ်ပါဘူး ဆိုတာပြောကြားချင်ပါတယ်” ဟု ဦးကျော်ဇော်ကပြောသည်။
မြန်မာ့အကျပ်အတည်းပြေလည်ရန် အတွက် စစ်အုပ်စုသည် အဖြေမဟုတ်ကြောင်း သိသာထင်ရှား နေ သဖြင့် အာဆီယံအနေဖြင့် NUGအစိုးရနှင့် တော်လှန်ရေးအင်အားစုများကို တရားဝင်ထိတွေ့ပြီး နိုင်ငံရေးအဖြေရှာခြင်းကသာ ရေရှည်တည်တံ့ခိုင်မာသည့် တည်ငြိမ်အေးချမ်းမှုရနိုင်သော တခုတည်းနည်းလမ်းဖြစ်ကြောင်းလည်း ၎င်းကပြောသည်။
အာဆီယံအဖွဲ့အနေနှင့် ငလျင်ဘေးသင့်ပြည်သူများကို AHA center မှတစ်ဆင့်အကူအညီပေးနေပြီး၊ လက်ရှိ အာဆီယံအလှည့်ကျဥက္ကဌ မလေးရှားနိုင်ငံ ဝန်ကြီးချုပ်ကလည်း ငလျင်ကြောင့် ဒုက္ခရောက်နေသူတိုင်းကို အကူအညီပေးရေး၌ အနှောင့်အယှက်အတားအဆီးမပြုရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တိုက်တွန်းပြောကြားခဲ့ကြောင်း ၎င်းကပြောသည်။
စစ်ကိုင်းငလျင်ကြီးကြောင့် ဒုက္ခရောက်ကြသည့် မြန်မာ ပြည်သူသန်းပေါင်းများစွာကို အကူအညီပေးရန် အချိန်မဆိုင်းဘဲ ချက်ချင်း ရောက်လာပြီး ကယ်ဆယ်ရေးလုပ်ငန်းများကအစ အကူအညီများပေးကြသည့် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံအဖွဲ့၊ နိုင်ငံတကာနှင့် ကုလအဖွဲ့အစည်းများ၊ ယူအက်စ်၊ ယူကေ၊ အီးယူ၊ ကနေဒါ၊ ဩစတြေးလျ အစရှိသည့် နိုင်ငံများစွာကို ကျေးဇူးတင်ကြောင်းလည်း ၎င်းကပြောသည်။
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၏ စောင့်ကြည့်လေ့လာမှုမှတ်တမ်းများအရ မတ်လ ၂၈ရက် ငလျင်ဖြစ်ပွားပြီးချိန်မှစ၍ ဧပြီ၂၃ရက်အထိ ငလျင်ဒဏ်သင့်ဒေသများအပါအဝင် နိုင်ငံအနှံ့အပြားကို စစ်ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုပေါင်း ၁၉၆ကြိမ်၊ လက်နက်ကြီးပစ်ခတ်မှုပေါင်း ၆၄ကြိမ်ပြုလုပ်ခဲ့ပြီး သေဆုံးပြည်သူ ၂၃၅ဦးနှင့် ဒဏ်ရာရရှိသူ ၄၂၇ဦး ရှိကြောင်းသိရသည်။