By Mg Dagon / MPA
စစ်ကောင်စီအလွန်အားကိုးသည့် ရုရှားနိုင်ငံသည် အင်အားကြီးငလျင်ကြီးလှုပ်ခတ်မှုအပြီး တစ်လခန့်ဖြစ်သည့် ၂၈ ရက်အကြာ ယမန်နေ့ ဧပြီလ ၂၄ ရက်မှ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ထံ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်။
ထိုသို့ပေးပို့ရာတွင်လည်း မြန်မာနိုင်ငံတွင် ညွှန်ကြားရေးမှူးချုပ်အဆင့်နှင့်တူညီသည့် ရှေ့နေချုပ်ဆိုသူက ပေးပို့ခြင်းဖြစ်သည်။
ရုရှားအနေဖြင့် အမှန်တကယ် မြန်မာ့အရေးကို စိတ်ဝင်စားပြီး စစ်ခေါင်းဆောင်ကို မြန်မာ့ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုကာ စစ်ကောင်စီကို မဟာမိတ်အဖြစ် သတ်မှတ်ထားသည်ဆိုပါက သမ္မတအဆင့်ဖြစ်သည့် ဗလာဒီမာ ပူတင်က သဝဏ်လွှာပေးပို့ရမည်မှာ အစဉ်အလာပင်ဖြစ်သည်ဟု နိုင်ငံ့အရေး၊ စစ်ကောင်စီအရေး လေ့လာစောင့်ကြည့်သူ ပြည်သူများက ပြောသည်။
“တကယ်တမ်းတော့ ဒီလိုစာမျိုးတွေဆိုတာ နိုင်ငံခေါင်းဆောင်တစ်ယောက်ဆီပို့တယ်ဆိုရင် ပို့တဲ့သူဘက်ကလည်း နိုင်ငံအကြီးအကဲတစ်ယောက်ပဲဖြစ်သင့်တာပေ့ါ၊ အခုက ရှေ့နေချုပ်က ပို့တာဆိုတော့ မင်းအောင်လှိုင်ကို ရုရှားကတောင် သိပ်အလေးမထားတဲ့သဘောပဲ၊ ရုရှားဆိုတာ မအလ အဓိက အားကိုးတဲ့နိုင်ငံလေ။ သူကသာ အားကိုးနေတာ ဟိုက သာမန်ပဲဆက်ဆံတာ” ဟု ရန်ကုန်မြို့ရှိ စာအုပ်ထုတ်ဝေရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
စာအုပ်ထုတ်ဝေရေးလုပ်ငန်းရှင်၏ မှတ်ချက်ကို ရန်ကုန်မြို့မှ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ နိုင်ငံရေးအရ ရှောင်တိမ်းလာရသည့် ကိုယ်ပိုင်းကျောင်းပိုင်ရှင်အမျိုးသားကလည်း သဘောတူသည်။
“တကယ်တော့ မြန်မာပြည်သူလူထုတွေ ဘာဖြစ်နေတယ်။ ဘယ်လို ဒုက္ခတွေကြုံနေရလဲဆိုတာ ရှရှားက စက တည်းက သိပ်စိတ်ဝင်စားလှတာမဟုတ်ဘူး။ အခု မြန်မာနိုင်ငံရဲ့ ငလျင်ကိစ္စမှာလည်း ပြည်သူလူထုအတွက် တကယ်ကို စိတ်မကောင်းလို့ ဝမ်းနည်ကြောင်းပေးပို့တာမျိုးမဟုတ်ဘဲ ပူတင်ဆီကနေ လက်နက်ဝယ်နေကြဖောက်သည်တစ်ယောက်ဖြစ်တဲ့ မင်းအောင်လှိုင်ဆီ ဖောက်သည် မပျက်အောင် ဝတ်ကျေတမ်းကျေ ပို့တဲ့ စာမျိုးလို့ပဲသုံးသပ်ပါတယ်” ဟု ၎င်းက ပြောသည်။
ရုရှားသမ္မတ ပူတင်အနေဖြင့် စစ်ကောင်စီခေါင်းဆောင်နှင့်ဆက်ဆံနေခြင်းမှာ စစ်လက်နက်ရောင်းနေရခြင်းကြောင့်ဖြစ်သည်ဟု မြန်မာပြည်သူအများက ယုံကြည်နေကြသည်။
“မင်းအောင်လှိုင်က သူ့ကိုယ်သူ နိုင်ငံ့ခေါင်းဆောင်ဆိုပြီး လုပ်နေတာ၊ သူအားကိုးတဲ့ ရုရှားတို့ တရုတ်တို့ကတောင် သူ့ကို အဲဒီလောက် အဖက်လုပ်ချင်တာမဟုတ်ဘူး။ သူတို့အကျိုးစီးပွားအရပဲ ဆက်ဆံနေကြတာ” ဟု နောက်ထပ် ရန်ကုန်မြို့ခံ အမျိုးသားတစ်ဦးကလည်း ဝေဖန်ပြောကြားသည်။
ယမန်နေ့ရက်စွဲဖြင့်ပေးပို့လိုက်သည့် ရုရှားရှေ့နေချုပ် အီဂေါ် ခရက်စ်နော့၏ သဝဏ်လွှာအတွင်း စစ်ကောင်စီတပ်ကို ထည့်သွင်းထားခြင်းမရှိဘဲ မြန်မာပြည်သူများ၏ ရဲစွမ်းသတ္တိနှင့် စည်းလုံးညီညွှတ်မှုများဖြင့် တုန်လှုပ်ခြောက်ခြားဖွယ်ရာဖြစ်ရပ်ကို ကျော်လွှားနိုင်ပါစေဟု ဆုတောင်းပေးထားသည်ကို တွေ့မြင်ရသည်။
ထိုဆုတောင်းပေးမှုနှင့်ပတ်သက်၍ အထက်ပါ စာအုပ်ထုတ်ဝေရေးလုပ်ငန်းရှင်က သတိမူမိပြီး ယခုကဲ့သို့ မှတ်ချက်ပေးသည်။
“စာထဲက ဆုတောင်းလေးကတော့ မင်းအောင်လှိုင်ကို ဆော်ထားသလားလို့။ ‘မြန်မာပြည်သူများရဲ့ ရဲစွမ်းသတ္တိနဲ့ စည်းလုံးညီညွတ်မှုဖြင့် ကျော်လွှားနိုင်ပါစေကြောင်း’ ပြောထားတာ။ တကယ်လည်း ပြည်သူကပဲ စည်းလုံးပြီးလုပ်နေရတာ။ မအလက ဗုံးကြဲနေရလို့ အားတာမဟုတ်ဘူး” ဟု ၎င်းက ပြောသည်။
ရုရှားနိုင်ငံသည် မြန်မာ့ငလျင်လှုပ်ခပ်မှုအပြီး လေးရက်အကြာ မတ်လ ၃၁ ရက်နေ့တွင် ပထမဆုံးဝမ်းနည်းကြောင်းသဝဏ်လွှာများအဖြစ် ပေးပို့သည့်အထဲ မပါဝင်ခဲ့သလို သမ္မတ ပူတင်ကလည်း မည်သို့မျှထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ပေ။
ပြီးခဲ့သည့်မတ်လ ၃၁ ရက်နေ့က တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ဝန်ကြီးချုပ် လီချန်း၊ ကမ္ဘောဒီးယား ဘုရင်၊ ဝန်ကြီးချုပ် ဟွန်မာနက်နှင့် ဟွမ်ဆန်၊ ဘရူနိုင်းဘုရင် ဝါဒူလာနှင့် နီကာရာကွာနိုင်ငံ သမ္မတနှင့် ဒုသမ္မတတို့က ဝမ်းနည်းကြောင်းသဝဏ်လွှာများပေးပို့ခဲ့သည်။