By Ra Wai / MPA
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ရင်းအချို့တွင် ကင်းတာဝန်ကျ စစ်မှုထမ်းစစ်သားများကို သေနတ်ပေးမထားတော့ကြောင်း သိရသည်။
ပြီးခဲ့သည့် လေးလဝန်းကျင်မှ စတင်ကာ စစ်မှုထမ်းသင်တန်းဆင်းစစ်သားများကို ကင်းစောင့်လျှင် သေနတ်မပေးထားတော့ဘဲ သန္ဓေစစ်သားဟောင်းများကိုသာ သေနတ်ပေးထားတော့ကြောင်း အလင်းဝင်စစ်သားနှင့် တပ်တွင်းသတင်းရင်းမြစ်အချို့ထံမှ သိရသည်ဟု သထုံမြို့ပြအထူး ပြောက်ကျားအဖွဲ့ တာဝန်ခံ ရဲဘော်သုညက ပြောသည်။
“အဓိကကတော့ စစ်မှုထမ်းစစ်သားတွေက အလင်းဝင်တာများတော့ သေနတ်ယူပြီး အလင်းဝင်မှာ စိုးလို့ သေနတ်မပေးတာလို့ ထင်တယ်”ဟု ၎င်းက MPAသို့ပြောသည်။
သထုံမြို့နယ်အခြေစိုက် အမှတ်၄၀၂ အမြောက်တပ်ရင်းမှ သထုံမြို့ပြ အထူးပြောက်ကျားအဖွဲ့ထံသို့ ဧပြီ၁၁ရက်တွင် အလင်းဝင်လာသည့် စစ်မှုထမ်းအပတ်စဉ် ငါး သင်တန်းဆင်း တပ်သားချစ်ရင်ထူးက မည်သို့သောအကြောင်းကြောင့် ကင်းစောင့်လျှင် သေနတ်ပေးမကိုင်တော့ကြောင်း စစ်တပ်အရာရှိများက မပြောကြောင်း ဆိုသည်။
“သူတို့ အရင်စစ် သားဟောင်းတွေကိုတော့ သေနတ်ပေးထားတယ်။ ကျတော်တို့ စစ်မှုထမ်းစစ်သား တွေကိုတော့ သေရင်သေပေါ့၊ သေနတ်မပေးဘူး”ဟု ၎င်းက ပြောသည်။
ကိုချစ်ရင်ထူးသည် ရန်ကုန်မြို့၊ လှိုင်သာယာ စက်မှုဇုန်တစ်အတွင်းရှိ ကွိုင်စက်ရုံအလုပ်သမား တစ်ဦးဖြစ်ပြီး ၂၀၂၄ခုနှစ်၊ ဩဂုတ်အတွင်း စက်ရုံမှ အိမ်သို့အပြန်တွင် စစ်တပ်က ပေါ်တာဆွဲကာ စစ်မှု ထမ်းသင်တန်းသို့ အဓမ္မပို့ဆောင်ခံရသူဖြစ်သည်။
“ည၉နာရီခွဲလောက် စက်ရုံမှာ အိုတီ(အချိန်ပို)ဆင်းပြီး စက်ရုံကားနဲ့ ပြန်လာတဲ့အချိန် ကားပေါ် မှာ ယောကျာ်းလေး ၂၃ယောက်၊ မိန်းကလေး ၁၅ယောက်ပါတယ်။ ကျတော်တို့ ယောကျာ်းလေး၂၃ ယောက်စလုံးကို ဖမ်းပြီး အုပ်စုခွဲပြီး စစ်မှုထမ်းပို့လိုက်တာ။ မိန်းကလေးတွေတော့ ပြန်လွှတ်ပေး တယ်လို့ကြားတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
လှိုင်သာယာနှင့် ရွှေပြည်သာမြို့နယ်အတွင်း ဧည့်စာရင်းမတိုင်ထားသူများနှင့် ညဘက် လမ်းမပေါ် သွားလာနေသူများကို ဖမ်းဆီးကာ အဓမ္မစစ်သားစုဆောင်းနေမှုမှာ ယနေ့ထိတိုင်ဖြစ်ကြောင်း လှိုင်သာယာမြို့နယ်၊ မီးခွက်ဈေးအနီးနေ စစ်ကောင်စီရပ်ကွက်အုပ်ချုပ်ရေးနှင့် နီးစပ်သူတစ်ဦးက ဆို သည်။
“အဖမ်းခံရရင် ပိုက်ဆံနဲ့ ပြန်ရွေးနိုင်ရင် ပြန်လွှတ်တယ်။ မရွေးနိုင်ရင် စစ်မှုထမ်းထဲ ထည့်တယ်။ များသောအားဖြင့် စစ်မှုထမ်းသင်တန်းအတွက် လူလိုနေတဲ့အချိန်မျိုးမှာ စစ်တပ်က လမ်းမပေါ် တွေမှာ ဖမ်းတယ်။ ညဘက်တွေမှာ ဖမ်းတာများတယ်”ဟု ၎င်းက ပြောသည်။
ကိုချစ်ရင်ထူးသည် တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလောက်မြို့ရှိ အမှတ်၁၂ လေ့ကျင့်ရေးသင်တန်း ကျောင်းတွင် စစ်မှုထမ်း အပတ်စဉ်ငါး သင်တန်းတက်ခဲ့ပြီးနောက် မော်လမြိုင်နှင့်သထုံတပ်ရင်းတို့၌ တာဝန်ကျခဲ့သည်။
၎င်း၏ အနာဂတ်အစီအစဉ်နှင့်ပတ်သက်ပြီး MPA ကမေးမြန်းခဲ့ရာ သထုံမြို့ပြအထူးပြောက်ကျားအဖွဲ့ နှင့်အတူ စစ်ကောင်စီကို ပြန်တိုက်သွားမည်ဟုဆိုသည်။
သထုံမြို့ပြအထူးပြောက်ကျားအဖွဲ့ထံသို့ အလင်းဝင်လာသူ သုံးဦးရှိပြီဖြစ်ပြီး သေနတ်နှစ်လက် ပါလာကြောင်း ရဲဘော်သုညက ပြောသည်။