By Poesangle/ MPA
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ ဌာနဆိုင်ရာများ ပြန်လည် လည်ပတ်ရန်အတွက် စစ်ကောင်စီက Non-CDM ဝန်ထမ်းမျာကို ဧပြီ ၂၃ရက်မှ စတင်ကာ ပြန်လည်ခေါ်ယူနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ထို့ပြင် စစ်ကောင်စီက ဧပြီ ၂၃ရက် ညပိုင်းမှ စတင်ကာ လားရှိုးမြို့ပတ်ပတ်လည်တွင် ဂိတ်များချကာ စစ်ဆေးမှုများ စတင်ပြုလုပ်နေပြီဖြစ်ကြောင်းလည်း သိရသည်။
“ လားရှိုးမြို့အတွင်းကော၊ အခြားမြို့က Non-CDM တွေကို ပြန်ခေါ်နေတာ၊ ပြီးတော့ ကျတော်သိသလောက်တော့ သိန္နီမြို့နဲ့ ရွာတွေမှာလည်း လိုက်ခေါ်နေတယ်။ တရားဝင်ထုတ်ပြန်ပြီးခေါ်တာတော့မဟုတ်ဘူး။ ဒီတိုင်း တိုးတိုးတိတ်တိတ် ခေါ်နေတာ” ဟု လားရှိုးမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
ယင်းအပြင် တရုတ်အကူအညီဖြင့် လားရှိုးမြို့အား ပြန်လည်အုပ်ချုပ်နေသည့် စစ်ကောင်စီက အေတီတံတား နှင့် လားရှိုး-မန္တလေး၊ လားရှိုး-နမ္မတူသို့ ဖြတ်သန်းသွားလာသည့် ကားများကိုလည်း ငွေကြေးကောက်ခံမှုများ ပြုလုပ်နေကြောင်း သိရသည်။
“ မြို့အဝင်အထွက်တော့ရတယ်။ ဒါပေမဲ့ စစ်ကောင်စီက အေတီတံတားမှာ ငွေကောက်တယ်။ အခွန်လို့ပြောတာပဲ၊ ခရီးသည်တင်ကားကတော့ သုံးသောင်းကနေ ငါးသောင်းထိ တောင်းတယ်။ ကုန်တင်ကားတွေကိုတော့ ကျတော်လည်း မသိဘူး။ ခရီးသည်တွေကိုတော့ စစ်တာမတွေ့ဘူး။ ပစ္စည်းတွေကိုတော့ စစ်ဆေးတယ် ” ဟု လားရှိုးမြို့သို့ ခရီးသည်များပို့ဆောင်ပေးနေသည့် ယာဉ်မောင်းတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဧပြီ ၁၈ရက်တွင် တရုတ်ဦးဆောင်မှုဖြင့် စစ်ကောင်စီနှင့် ကိုးကန့်တပ်တို့ တွေ့ဆုံဆွေးနွေးခဲ့ပြီး ဧပြီ ၂၁ရက်မှ စတင်ကာ လားရှိုးမြို့အတွင် စိုက်ထူထားသည့် ကိုးကန့်အလံများကို ဖြုတ်သိမ်းခဲ့ပြီးနောက် ကိုးကန့်တပ်များ လားရှိုးမြို့မှ စတင်ဆုတ်ခွာခဲ့ခြင်းဖြစ်သည်။
ထိုကဲ့သို့ လားရှိုးမြို့မှ ကိုးကန့်တပ်များ ဆုတ်ခွာခဲ့ပြီးနောက် ဧပြီ ၂၂ရက်တွင် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ၄၂ နှင့် ထောက်ပို့တပ် ၆၂၆ သို့ ဝင်ရောက်လာပြီး တပ်စွဲထားကြောင်း ဒေသခံများက ပြောသည်။
“ ဒီနေ့အထိတော့ ဌာနဆိုင်ရာတွေ မဖွင့်သေးဘူး။ စစ်ကောင်စီကလည်း ဘာမှ ကြေညာထားတာမရှိသေးဘူး။ ကိုးကန့်ဘက်ကလည်း ဘာမှ ပြောတာမတွေ့ဘူး။ ဆွေးနွေးပွဲအကြောင်းလည်း တရားဝင်ထုတ်ပြန်ထားတာလည်းမရှိဘူး။ အခုလောလောဆယ်တော့ အေတီတံတားမှာ စစ်ကောင်စီဂိတ်ရှိတယ်။ ကိုးကန့်တပ်ကတော့ ဟိုဘက်ခြမ်းမှာ ဂိတ်ချထားတယ်။ ကျတော့်ရဲ့အမြင်ကတော့ ကိုးကန့်တပ်က စစ်ကောင်စီကို လုံခြုံရေးယူပေးနေရတဲ့ သဘောမျိုးမြင်မိတယ်။ ဘာလို့လဲဆိုတော့ ကိုးကန့်တပ်က မြို့အပြင်မှာ စောင့်တယ်။ စစ်ကောင်စီက မြို့ထဲမှာ အုပ်ချုပ်ရေးယန္တရား လည်ပတ်နေတာလေ” ဟု လားရှိုးမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
တရုတ်ဦးဆောင်မှုဖြင့် MNDAA နှင့် စစ်ကောင်စီတို့ တွေ့ဆုံဆွေးနွေးမှု ပြီးဆုံးခဲ့သော်လည်း ဆွေးနွေးပွဲနှင့် ပတ်သက်ပြီး ထုတ်ပြန်မှုအား နှစ်ဘက်လုံး ထုတ်ပြန်ကြေညာမှုမရှိခဲ့ပေ။
စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ လားရှိုးမြို့ကို ယမန်နှစ်(၂၀၂၄ခုနှစ်)၊ ဩဂုတ် ၁၃ရက်တွင် တော်လှန်ရေးပူးပေါင်းတပ်များနှင့် MNDAA သို့ သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး မြို့ကို ရှစ်လအုပ်ချုပ်ပြီးနောက် တရုတ်နိုင်ငံဖိအားကြောင့် စစ်ကောင်စီက ပြန်လည်လွှဲပြောင်းပေးခဲ့ရသည်။
လားရှိုးမြို့အား စစ်ကောင်စီထံ လွှဲပြောင်းပေးပြီးနောက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mr. Guo Jiakun က မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွင် စစ်ပွဲများ ရပ်တန့်အောင်လုပ်ဆောင်သွားမည်ဟုလည်း ဧပြီ ၂၂ရက်တွင် ပြောကြားထားသေးသည်။