By Hsu Yee / MPA
ပဲခူးတိုင်း ၊ မင်းလှမြို့ လုပ်ငန်းရှင်များထံ ပကဖ အယောင်ဆောင်ကာ ခြိမ်းခြောက်ငွေတောင်းနေကြောင်း သိရသည်။
မင်းလှမြို့မှ ဆန်စက်၊ ဆီစက်၊ ရွှေဆိုင်နှင့် စျေးဆိုင် လုပ်ငန်းရှင် အယောက် ၃၀ ကျော်ထံသို့ မင်းလှ ပြည်သူ့ကာကွယ်ရေးအဖွဲ့ အယောင်ဆောင်၍ ဧပြီ ၂၄ရက် မွန်းလွဲ နှစ်နာရီထက် နောက်မကျစေဘဲ စစ်ရေး၊ အုပ်ချုပ်ရေး ရန်ပုံငွေ ကျပ်သုံးသိန်း ထည့်ဝင်ရန်နှင့် မထည့်ဝင်ပါက လုပ်ငန်းရှင်များ၏ အဆောက်အအုံ လုံခြုံရေးနှင့် အကျိုးစီးပွားကို တာဝန်မယူကြောင်း ခြိမ်းခြောက်စာပို့ကာ ငွေတောင်းနေကြောင်း မင်းလှ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
“ ကျတော်တို့လည်း ခုနေ့မှသိရတာ။မင်းလှမြို့နယ်က လုပ်ငန်းရှင်တွေဆီ အစ်ကိုတို့အဖွဲ့က ခြိမ်းခြောက်ငွေတောင်းတဲ့ စာတွေကို Viber ကနေပို့ပြီး ငွေတွေပို့ခိုင်းနေတာလားလို့ ပြည်သူတစ်ယောက်က လာပြောလို့ ကျတော်တို့သိရတာ” ဟု မင်းလှ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော်မိုးထက်က MPA သို့ပြောသည်။
ခြိမ်းခြောက်ငွေတောင်းသည့် စာကို ယခုလအတွင်း လုပ်ငန်းရှင်များထံ ပေးပို့ခြင်းဖြစ်ပြီး လုပ်ငန်းရှင်အချို့က ငွေပေးပြီးဖြစ်ကြောင်းသိရသည်။
ခြိမ်းခြောက်ငွေတောင်းစာ ပေးပို့သည့် ဖုန်းနံပါတ်ကို ဆက်သွယ်သော်လည်း ဖုန်းကတ်ပိတ်ထား ကြောင်းနှင့် ပြုလုပ်ခဲ့သည့်သူများကို သိနိုင်ရန် စုံစမ်းနေကြောင်း ၎င်းကပြောသည်။
၂၀၂၃ ခုနှစ်၊ ဩဂုတ်တွင် စစ်ကောင်စီဘက်က မင်းလှမြို့နယ် ပကဖ အယောင်ဆောင်၍ လုပ်ငန်းရှင်များထံ ခြိမ်းခြောက်ငွေတောင်းခံသည့် စာ ထုတ်ခဲ့သေးကြောင်း သိရသည်။