By Hsu Yee / MPA
စစ်ကိုင်းတိုင်း ၊ ချောင်းဦးမြို့လယ်ခေါင်တွင် ခရီးသည်တင်ယာဉ်များပေါ်မှ လူငယ်များကို စစ်တပ်က ပေါ်တာဆွဲသွားကြောင်း သိရသည်။
ယနေ့ (ဧပြီ ၂၄ ရက်) ညနေ လေးနာရီဝန်းကျင်တွင် ချောင်းဦးမြို့ပေါ် အခြေစိုက် စစ်သားများသည် ချောင်းဦးမြို့၊ မန္တလေး- မုံရွာ ကားလမ်းမကြီးပေါ်၌ မန္တလေးဘက်မှလာသည့် မန္တလေး-မုံရွာ ခရီးသည်တင်ကားများကို စစ်ဆေးကာ ယင်းကားများပေါ်မှ လူငယ် ခြောက်ဦးအား ဖမ်းဆီးသွားကြောင်း ချောင်းဦး မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။
“ စစ်ရေးဂိတ်သဘောမျိုးတော့ မဟုတ်ဘူးဗျ။မြို့ပေါ် ခရီးသွားကားတွေပေါ်က ခရီးသွားပြည်သူတွေကို ဖမ်းတာဗျ” ဟု ချောင်းဦးမြို့နယ် ပကဖ၊ သတင်းတာဝန်ခံ ကိုသန့်က MPA သို့ပြောသည်။
လူငယ်များကို အဓိကထား ဖမ်းဆီးခြင်းဖြစ်ပြီး ဖမ်းဆီးခံသူများအနက် နှစ်ဦးမှာ အမျိုးသားများဖြစ်ကာ ကျန်လေးဦးကိုမူ ကျား၊မ အတည်မပြုနိုင်သေးကြောင်း သိရသည်။
“ မုံရွာမြို့ဘက်ဆီကို ခေါ်သွားတာဗျ။နမခ(အနောက်မြောက်တိုင်းစစ်ဌာနချုပ်) ဖြစ်မလား၊ မြို့ထဲအထိုင်ချ ခန်းမဖြစ်မလားတော့ မသိရသေးဘူးဗျ။ချောင်းဦး မြို့ပေါ်နဲ့ မြို့ဝန်းကျင်က သူတို့ စိုးမိုးနယ်မြေဖြစ်တော့ အချိန်မရွေး သူတို့ လုပ်ချင်တဲ့ အချိန် လုပ်လို့ရတဲ့ သဘောဗျ” ဟု ၎င်းက ဆက်လက်ပြောသည်။
ယခုကဲ့သို့ ပေါ်တာဆွဲခြင်းသည် ၂၀၂၅ ခုနှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။